close

ဒီဇယ်ဈေး

close

June 1, 2022

တောင်ကိုရီးယားနိုင်ငံတွင် ဒီဇယ်ဈေးတက်ပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်း ထိခိုက်

တောင်ကိုရီးယားနိုင်ငံက ဓာတ်ဆီဆိုင်တွေမှာ ဒီဇယ်တလီတာ ပျမ်းမျှစျေးဟာ ဓာတ်ဆီစျေးထက် ပိုမြင့်တက်သွားပါတယ်။

ဒါဟာ ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး နိုင်ငံတွင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းအပေါ် အကြီးအကျယ် ဝန်ပိခဲ့ပါတယ်။

ကမ္ဘာ့စွမ်းအင်စျေး သိသိသာသာမြင့်တက်နေလို့ တောင်ကိုရီးယားမှာ လောင်စာဆီစျေးဟာ ကုန်စည်ပို့ဆောင်မှု ကုန်ကျစရိတ်ရဲ့ ၆၀  ရာခိုင်နှုန်းအထိ ရောက်ခဲ့ပါတယ်။

ငွေကြေးမဖောင်းပွခင်က ၃၀ ရာခိုင်နှုန်းသာ ရှိခဲ့တာလို့ ရိုက်တာသတင်းဌာနက နှိုင်းယှဉ် ဖော်ပြ ပါတယ်။

ခုလို လောင်စာဆီဈေးမြင့်တက်မှုကြောင့် ကုန်သေတ္တာတင်ယာဉ်မောင်းသမား တယောက်အတွက်တော့ သူ့ရဲ့ ၂၅ တန် ကုန်ကားဟာ တလကို လောင်စာဆီဖိုး အမေရိကန် ဒေါ်လာ ၄၃၀၀ လောက် သုံးခဲ့ရပြီး ခုတော့ လတိုင်း အမေရိကန်ဒေါ်လာ ၁၉၀၀ ပိုကုန် တော့မှာပါ။ 

“စျေးအပေါဆုံး ဓာတ်ငွေ့ရည်ဆိုင်ကိုရှာဖို့ ကျနော် နေ့တိုင်းနီးပါး အွန်လိုင်းမှာ ရှာရတယ်။ တွေ့ရင် ကျနော် တလီတာကို ဒေါ်လာ ၂ ပြားလောက် သက်သာတယ်။ တတ်နိုင်သလောက် ငွေစုသင့်တယ်လို့ ထင်တယ်လေ”လို့ ယာဉ်မောင်းက ပြောပါတယ်။

မိုးထိအောင် ထိုးတက်နေတဲ့  လောင်စာဆီစျေးရဲ့ ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုး ပြေလျော့စေဖို့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်တရက်က စပြီး ၃ လအတွက် ဒီဇယ်စျေးကို တလီတာ ဒေါ်လာ ၈ ပြား လျှော့ချပေးဖို့ ဆုံးဖြတ် ထားပါတယ်။

ဒီဇယ်စျေးမြင့်တက်လို့ ကုန်ကားမောင်းသူ အများအပြားဟာ ပိုချွေတာနိုင်ပြီး စွမ်းအင်သက်သာတဲ့ စွမ်းအင်သစ်ကားတွေကို မျက်စိကျလာနေပါတယ်။

လျှပ်စစ်စွမ်းအင်သုံး တတန်အား ကုန်ကားတွေကို မနှစ်က တောင်ကိုရီးယားမှာ စီးရေ ၂၆၀၀၀ ရောင်းခဲ့ရပြီး ဒါဟာ အရင်နှစ်က ရောင်းအားရဲ့ ၂ ဆလို့ သတင်းအချက်အလက်တွေက ဆိုထားပါတယ်။

13 mins Ago

February 9, 2022

ဒီဇယ်ဈေးမြင့်တက်နေမှု ဘန်ကောက်မြို့တွင် ထရပ်ကားယာဉ်တန်း ရာနှင့်ချီ ဆန္ဒပြ

ဖေဖော်ဝါရီ ၈ ရက်နေ့က ထိုင်းနိုင်ငံမှာ ဘန်ကောက်မြို့ရဲ့ အဓိကလမ်းမကြီးတခု‌ပေါ်ကို ထရပ်ကားတွေ ရာနဲ့ချီ မောင်းတက်လာပြီး ဒီဇယ်ဈေးမြင့်တက်နေမှုကို ဆန္ဒပြခဲ့ပါတယ်။ 

ဒီဇယ် ၁ လီတာကို ထိုင်းငွေ ၂၅ ဘတ် (၁၃၅၂ ကျပ်) ထိ မြင့်တက်မှုကြောင့် ထရပ်ကားယာဉ်တန်းက စွမ်းအင်ဝန်ကြီးဌာနဆီ ဦးတည်မောင်းပြီး စွမ်းအင်ဝန်ကြီး နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့တာပါ။

ထိုင်းနိုင်ငံမြောက်ဘက်မှ ထရပ်ကားကို မောင်းလာခဲ့တဲ့ အသက် ၅၆ နှစ်ရှိ ဒရိုင်ဘာက “ကားခတွေ တက်တော့ ခရီးသည်လျော့သွားတယ်။ နေ့စဉ် ဆီဖိုးပေးနေရတာနဲ့ ကျနော်တို့အတွက် ဘာမှမကျန်ဘူး” လို့ ပြောပါတယ်။

စွမ်းအင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကမ္ဘာ့ရေနံဈေးနှုန်းတက်နေတာကြောင့် အစိုးရက ဒီဇယ်ဈေးကို ၁ လီတာ ဘတ် ၃၀ အထိ ပြီးခဲ့တဲ့အောက်တိုဘာလကတည်းက သတ်မှတ်ထားတာကြောင့် လတ်တလော ကားဆရာတွေရဲ့ တောင်းဆိုမှုကို  ဖြေရှင်းမပေးနိုင်သေးဘူးလို့ ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

4 months Ago
Up