close

ဒီးမော့ဆိုမြို့နယ်

close

November 24, 2022

ဒီးမော့ဆိုမြို့နယ်တွင် ရွာလုံးကျွတ်ဖျားနာမှုများ ဖြစ်ပွားနေ

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်စခန်းတွေအပါအဝင် ကျေးရွာတော်တော်များများမှာ ရာသီတုပ်ကွေးလို ကူးစက်ရောမျိုးဖြစ်ပွားနေပြီး ရွာလုံးကျွတ် ဖျားနာတာတွေ ဖြစ်ပွားနေပါတယ်။

စက်တင်ဘာဘာလကုန်ပိုင်းကတည်းကနေ အခုချိန်ထိ ရာသီတုပ်ကွေးလို ရောဂါဖြစ်ပွားနေပြီး မိသားစုလိုက် ဖျားနာတာ၊ ရွာလုံးကျွတ်ဖျားနာတွေ ဖြစ်နေတယ်လို့ ဒေသခံ သူနာပြုဆရာမတဦးက ပြောပါတယ်။

“အခုက ဒီးမော့ဆိုအရှေ့ခြမ်း စစ်ရှောင်တွေဘက်မှာလည်း တော်တော်ဖြစ်တယ်။ ကန်ခုနှစ်ဆင့်တကြောလုံးကနေ ဒေါသမကြီးဘက်တွေအထိ အကုန်ဖြစ်တယ်။ ၉ လပိုင်းကုန်ကနေ စပြီး အခုချိန်ထိပဲ၊ ဖြစ်ပြီးသားလူတွေလည်း ပြန်ပြန်ဖြစ်နေတယ်။ ရောဂါက ကူးစက်သလိုမျိုး ဖြစ်သွားတာ။ တချို့အိမ်တွေဆိုရင်လည်း တအိမ်လုံးဖြစ်ပြီးတော့မှ အချင်းချင်းတောင် မကြည့်နိုင်တော့တဲ့ အခြေအနေတွေလည်းရှိတယ်။”

သောက်ဆေးနဲ့ ရောဂါသက်သာတဲ့သူတွေရှိသလို သောက်ဆေးနဲ့မသက်သာဘဲ ထိုးဆေးထိုးပေးဖို့ ပြန်လာကြတဲ့သူ အများကြီးရှိနေတယ်လို့ စစ်ရှောင်စခန်းမှာ ဆေးခန်းဖွင့်ကုသပေးနေတဲ့ အဆိုပါ သူနာပြုဆရာမက ပြောပါတယ်။

“ပြောရမယ်ဆိုရင် ညီမတို့ ဒေါလောခူ စစ်ရှောင်တို့ ဘာတို့ဆိုရင် ညီမတို့ ကမ့်ဖွင့်ထားတာရှိတယ်။ အဲမျိုး သူတို့လာတော့လာကြတယ်။ တအိမ်လုံးဖြစ်တဲ့ အိမ်တွေလည်းရှိတယ်။ တချို့အိမ်တွေဆိုရင် သောက်ဆေးနဲ့ မသက်သာလို့ ထိုးဆေးထိုးပေးပါလို့ complain လာတဲ့ လူနာတွေတော့ တော်တော်များတယ်။ တချို့တွေကျတော့ ပြန်သက်သာသွားတယ်။ သက်သာပြီး နောက်တခေါက်ပြန်ဖြစ်တဲ့အတွက် ပြန်ပြန်လာပြကြတယ်။”

လက်ရှိအခြေအနေအရ စစ်ရှောင်စခန်းတွေမှာ ဆေးဝါးမလုံလောက်သလို စစ်ကောင်စီရဲ့ ကန့်သတ်မှုကြောင့် ဆေးဝါးဝယ်ယူ သယ်ဆောင်ဖို့ ခက်ခဲနေတဲ့အတွက် တောရွာတွေနဲ့ စစ်ရှောင်စခန်းတွေအတွက် ဆေးဝါးမလုံလောက်မှု ဖြစ်ပွားနေပါတယ်။

စစ်ရှောင်ကူညီပေးနေသူတဦးက “ကျန်းမာရေးနဲ့ပတ်သက်ပြီး အဓိကအခက်အခဲက ဆေးဝါးပေါ့နော်။ ကျနော်တို့ ဒီမှာဆေးက သယ်ယူပို့ဆောင်ရေးကြောင့်မို့လို့ အခက်အခဲ တော်တော်များများ ရှိတယ်ပေါ့နော်။ အဓိက အခြေခံဆေးဝါးလိုအပ်ချက် တော်တော်များများ လိုအပ်တယ်။ ဒီစစ်ရှောင်တွေမှာဆိုရင် ကျနော်တို့ ဝမ်းပျက်ဝမ်းလျှောတွေရှိခဲ့တယ်၊ ပြီးရင် ရာသီဥတုအပြောင်းအလဲကြောင့်မို့လို့ အခြေခံဆေး ပါရာစီတမောတို့၊ ဘာမီတွန်တို့လိုကအစ လိုအပ်တာရှိတာပေါ့နော်။ အဲဒီဆေးတွေတောင်မှ ကျနော်တို့ သယ်ဖို့ အတော်ခက်ခဲတယ်ပေါ့နော်။ စကစတွေရဲ့ လမ်းကြောင်းပိတ်ဆို့မှုတွေ အတော်များနေတဲ့အခါကျတော့ ဟိုးအရင်က ဝယ်ခဲ့တဲ့ဆေးကိုပဲ ပြန်ပြီးတော့ လှည့်သုံးနေရတာပေါ့နော်။ ဒီဘက်က ဆရာဝန်၊ ဆရာတွေရှိပေမယ့် ဆေးဝါးသယ်တဲ့အပိုင်းမှာ အတော်ခက်ခဲတဲ့အတွက် အခက်အခဲတော့ ကြုံတွေ့နေရတယ်။ ပြီးတော့အလှူရှင်တွေလည်း နည်းပါးတဲ့အတွက် ပိုခက်ခဲတယ်။”

ကရင်နီ (ကယား) ပြည်နယ်မှာ အာဏာသိမ်းပြီးနောက် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ ၂ သိန်းလောက် ရှိနေပြီး ၂၀၂၁ ခု အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့အထိ စစ်ရှောင်နေစဉ် သေဆုံးသူ ၉၃ ဦးရှိပါတယ်။

သေဆုံးသူအများစုဟာ ဆေးဝါးမလုံလောက်တာနဲ့အချိန်မီဆေးကုသမှုမရတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

15 mins Ago

September 14, 2022

ဒီးမော့ဆိုမြို့နယ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး RPG ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲက သေးဆူးလဲရွာတိုက်ပွဲမှာ ကရင်နီပူးပေါင်းတပ်ဖွဲ့က  RPG နဲ့ ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်သား လေးယောက် သေဆုံးတယ်လို့   KNDF/B-05 က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၂ ရက်က ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် ၅ KNDF/B-05 နဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU ပူးပေါင်းတပ်ဖွဲ့တွေဟာ သေးဆူးလဲရွာမှာ ကင်းထောက်နေချိန်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

အဆိုပါတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းအဖွဲ့ဘက်က RPG နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို KRU ရဲဘော်တွေကလည်း  လက်နက်ကြီးပစ်ကူတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးပစ်ကူ အနည်းဆုံး နှစ်ကြိမ်လောက် ပြန်လည် ပစ်ခတ်ခဲ့ပေမဲ့ ကရင်နီပူးပေါင်းတပ်တွေအနေနဲ့ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၂ ရက်မနက် ၈ နာရီ ၄၅ မိနစ်လောက်ကလည်း ကယန်းသာယာကျေးရွာအနီးရှိ စစ်ကောင်စီတပ်ကို  KNDF /B-14 နဲ့  BO-2 တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်က  အရာရှိဗိုလ်တစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီဟာ ကရင်နီပြည်နယ်ရဲ့ ဒေသတွေကို ပြန်လည်စိုးမိုးနိုင်ဖို့ မိုးဗြဲဒေသကို ဝင်ရောက်တိုက်ခိုက်နေတာ ၅ ရက်လောက်ရှိပြီဖြစ်ပြီး တချို့ စစ်ကောင်စီတပ်တွေကတော့ ကရင်နီတပ်တွေရဲ့ ခုခံမှုကို မခံနိုင်တော့ဘဲ ပြန်လည် ဆုတ်ခွာနေရတာ ဖြစ်ပါတယ်။

2 months Ago
Up