ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ ကောဇ့်ဘဇားခရိုင်၊ အိုခီးယားမြို့ရှိ ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မတ် ၅ ရက်၊ မနေ့မွန်းလွဲ ၂ နာရီလောက်က မီးလောင်ပြီး မိသားစုဝင် ၃၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေထံက သိရပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက "မီးက မတော်တဆလောင်တာလား ရည်ရွယ်ချက်ရှိရှိ အရှို့ခံရတာလား မပြောတတ်ပါဘူး။ ဒုက္ခသည်တွေက ပိုပြီးဒုက္ခရောက်ကြရတာ။ တချို့ဒုက္ခသည်တွေက နီးစပ်ရာအိမ်တွေမှာ ခိုလှုံနေကြရတယ်။ အများစုက ဒုက္ခသည်စခန်းအပြင်ဘက်ကလမ်းမတွေပေါ်မှာ စုပြီး နေထိုင်နေကြရတယ်။"လို့ ပြောပါတယ်။
အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် ၂၅၀၀ ကျော် ဒုက္ခသည်မိသားစုဝင် ၃၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ကြရသလို ဒုက္ခသည်တွေရဲ့ စားနပ်ရိက္ခာနဲ့ အိမ်သုံးပစ္စည်းတွေလည်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
ဒုက္ခသည်တဦးက "ဘာမှကိုယူဖို့မရခဲ့ကြဘူး။ နေအိမ်တွေက ဝါးနဲ့ ဓနိနေအိမ်တွေဆိုတော့ မီးလောင်တာက တော် တော်လေးကို မြန်ဆန်တာ လူတွေအားလုံး ထွက်ပြေးခဲ့ကြရတာပါ”လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းမီးလောင်မှုကို ထိန်းချုပ်နိုင်ပြီး ကျန်းမာရေးဌာနတစ်ခု မီးလောင်ပျက်စီးခဲ့ပေမဲ့ လူအသေအပျောက်တော့ မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်ရဲအရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဒေသခံရဲအရာရှိ ဖာရူကီ အာမက်က ပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အဆိုပါ ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း မီးလောင်မှုကို အလွန်စိုးရိမ်ကြောင်းထုတ်ဖော် ပြောကြားခဲ့ပြီး အခြေအနေကို အကဲဖြတ်ရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်ထားကြောင်းထုတ်ပြန်ထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်တွင်လည်း ဘာလုခါလီ ဒုက္ခသည်စခန်း မီးလောင်မူဖြစ်ပွားခဲ့ပြီး ဒုက္ခသည်ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေက အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါသေးတယ်။
အစ္စရေးတပ်တွေဟာ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း ဂျဲရစ်ခိုမြို့နားက ဒုက္ခသည်စခန်းကို ဖေဖော်ဝါရီ ၆ ရက်က ဝင်ရောက်စီးနင်းခဲ့ပြီး ဟားမတ်စ်စစ်သွေးကြွ ငါးယောက်ကို သတ်ခဲ့တယ်လို့ ပါလက်စတိုင်း လက်နက်ကိုင်အုပ်စုနဲ့ အစ္စရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဟားမတ်စ်တွေရဲ့ လက်နက်ကိုင်လက်ရုံး ကတ်ဆမ် တပ်မဟာတွေက သူတို့အဖွဲ့ဝင်တွေ အက်ဘတ် ဂျာဘီယာ ဒုက္ခသည်စခန်း စီးနင်းမှုထဲမှာ သေဆုံးခဲ့ရတဲ့အတွက် လက်စားချေမယ်လို့ ပြောပါတယ်။
အစ္စရေးကတော့ သူ့ပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်ဖို့ ကြိုးစားတဲ့ သေနတ်သမားတွေကို ဖမ်းဖို့ ရည်ရွယ်ခဲ့တာလို့ ပြောပါတယ်။
အစ္စရေးရဲ့ ကျူးကျော်ဝင်ရောက်မှုကို ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ်က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
နောက်ထပ် အကြမ်းဖက်မှုတွေ တိုးလာမှာ စိုးရိမ်နေရတဲ့အထိ တင်းမာမှု မြင့်တက်နေချိန်မှာ စီးနင်းခဲ့တာဖြစ်လို့ နှစ်ဖက်စလုံး တည်တည်ငြိမ်ငြိမ် ဖြေရှင်းကြဖို့ အမေရိကန်နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ ဆော်ဩခဲ့ကြပါတယ်။
အီဂျစ်မြို့တော် ကိုင်ရိုမှာ အီဂျစ်အရာရှိတွေနဲ့ ဆွေးနွေးပွဲမတိုင်ခင် နောက်ထပ် တင်းမာမှု အရှိန်မြင့်လာတာကို ဟန့်တားဖို့ မျှော်လင့်နေကြပြီး ဒီစီးနင်းမှုဟာ ဆွေးနွေးပွဲတွေအပေါ် သက်ရောက်လိမ့်မယ်လို့ ဟားမတ်စ်ခေါင်းဆောင် အစ်မေးလ် ဟာနီယာက ပြောပါတယ်။