တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားကို ဒုံးကျည်ပစ်လွှတ်ရန်စမှုတွေ ရပ်တန့်ဖို့ စက်တင်ဘာ ၃၀ ရက်က တိုက်တွန်းလိုက်ပါတယ်။
အထီးကျန်နိုင်ငံ မြောက်ကိုရီးယားဟာ ခုသီတင်းပတ်အတွင်း ပဲ့ထိန်းဒုံးကျည်တွေ ဆက်တိုက် ပစ်လွှတ်ခဲ့ပြီးနောက် ဆိုးလ်က အခုလို တိုက်တွန်းလိုက်တာပါ။
စက်တင်ဘာ ၂၉ ရက်က နောက်ဆုံးပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ၅ ရက်အတွင်း တတိယမြောက်ပစ်လွှတ်မှု ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ ဆက်တိုက်ပစ်လွှတ်မှုဟာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့ ကြီးကြီးမားမား ရန်စမှုလို့မြင်ပြီး ဒါဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို လောလောလတ်လတ် အကြိမ်ကြိမ် ချိုးဖောက်နေတာကြောင့် အမြန်ရပ်တန့်ရမှာဖြစ်ကြောင်း ကိုရီးယား ၂ နိုင်ငံအရေးကို ကိုင်တွယ်နေတဲ့ တောင်ကိုရီးယားရဲ့ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ဒုပြောရေးဆိုခွင့်ရှိသူ လီဟိုဂျောင်းက ပြောပါတယ်။
ဆိုးလ်နဲ့ သူ့မဟာမိတ်တွေကတော့ ပြုံယမ်းရဲ့ နောက်ထပ် နျူကလီးယားစမ်းသပ်မှု ပြုလုပ်မှာကို စိုးရိမ်နေကြပါတယ်။
ဆိုးလ်ရဲ့တုံ့ပြန်မှုကို ပြန်လည်သုံးသပ်ပြီး မြောက်ကိုရီးယားအပေါ် သူတို့ရဲ့ နောက်ထပ် လုပ်ဆောင်မှုတွေကို တားဆီးဖို့ ဘယ်လိုဒဏ်ခတ်အရေးယူမှုတွေ တိုးမြှင့်လာမလဲ ဆိုတာကို စောင့်ကြည့်သွားမှာ ဖြစ်ကြောင်းလည်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးက ပြောပါတယ်။
မြောက်ကိုရီးယားဟာ နျူကလီးယားစမ်းသပ်မှုအတွက် ပြင်ဆင်မှုတွေ ပြီးမြောက်ခဲ့ပြီး အောက်တိုဘာ ၁၆ ရက်မှ နိုဝင်ဘာ ၇ ရက်အတွင်း ဒါကို ဆောင်ရွက်နိုင်ခြေ ရှိလာနိုင်ကြောင်း နိုင်ငံရဲ့ ထောက်လှမ်းရေးအေဂျင်စီကနေ အကျဉ်းချုံးတင်ပြချက်တွေအရ တောင်ကိုရီးယား လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အက်စတိုးနီးယား၊ ဖင်လန်တို့နဲ့ နယ်မြေထိစပ်နေတဲ့ လီနင်ဂတ်ဒေသမှာ ဒုံးခွင်းဒုံးစနစ် C-400 နည်းဗျူဟာဆိုင်ရာ စစ်ရေးလေ့ကျင့်ခဲ့တဲ့ ဗွီဒီယိုကို ဖေဖော်ဝါရီ ၆ ရက်က ထုတ်လွှင့်ခဲ့ပါတယ်။
အဲဒီရက်မှာပဲ ယူကရိန်းရဲ့အိမ်နီးချင်း ဘီလာရုဇ်နိုင်ငံနဲ့ ရုရှားတို့ နယ်စပ်စစ်ရေးပူးတွဲလေ့ကျင့်မှု ဗွီဒီယိုလည်း ထုတ်လွှင့်ခဲ့ပါတယ်။
အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေက ယူကရိန်းကို ရုရှားဝင်ရောက်တိုက်ခိုက်လာမှာ စိုးရိမ်မှုမြင့်တက်နေချိန်မှာ၊ ရုရှားက ဇန်နဝါရီလကစပြီး မြေပြင်၊ ရေပြင်နဲ့ ပင်လယ်တွေထဲမှာ စစ်ရေးလေ့ကျင့်မှုတွေ အစွမ်းကုန် လုပ်ပြနေတာပါ။
အမေရိကန်၊ ဗြိတိန်နဲ့ ပိုလန်တို့က ဒီလထဲ ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်နိုင်ခြေရှိတယ်လို့ ယူဆနေတာပါ။ တဖက်မှာ ယူကရိန်းကို စစ်ရေးအကူအညီတွေ ပေးထားပြီး၊ ရုရှားကို ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ လုပ်သွားမယ်လို့ ကြေညာထားပါတယ်။
ပူတင်အစိုးရကတော့ ယူကရိန်းကို ဝင်ရောက်ကျူးကျော်မယ့် စွပ်စွဲမှုတွေကို ငြင်းဆန်ထားပြီး ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လက်မခံဖို့ အဓိက တောင်းဆိုနေတာပါ။