ရုရှားစစ်တပ် ဒုံးကျည်ပစ်လွှတ်မှုများ လေ့ကျင့်ပြသ

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အက်စတိုးနီးယား၊ ဖင်လန်တို့နဲ့ နယ်မြေထိစပ်နေတဲ့ လီနင်ဂတ်ဒေသမှာ ဒုံးခွင်းဒုံးစနစ် C-400 နည်းဗျူဟာဆိုင်ရာ စစ်ရေးလေ့ကျင့်ခဲ့တဲ့ ဗွီဒီယိုကို ဖေဖော်ဝါရီ ၆ ရက်က ထုတ်လွှင့်ခဲ့ပါတယ်။
အဲဒီရက်မှာပဲ ယူကရိန်းရဲ့အိမ်နီးချင်း ဘီလာရုဇ်နိုင်ငံနဲ့ ရုရှားတို့ နယ်စပ်စစ်ရေးပူးတွဲလေ့ကျင့်မှု ဗွီဒီယိုလည်း ထုတ်လွှင့်ခဲ့ပါတယ်။
အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေက ယူကရိန်းကို ရုရှားဝင်ရောက်တိုက်ခိုက်လာမှာ စိုးရိမ်မှုမြင့်တက်နေချိန်မှာ၊ ရုရှားက ဇန်နဝါရီလကစပြီး မြေပြင်၊ ရေပြင်နဲ့ ပင်လယ်တွေထဲမှာ စစ်ရေးလေ့ကျင့်မှုတွေ အစွမ်းကုန် လုပ်ပြနေတာပါ။
အမေရိကန်၊ ဗြိတိန်နဲ့ ပိုလန်တို့က ဒီလထဲ ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်နိုင်ခြေရှိတယ်လို့ ယူဆနေတာပါ။ တဖက်မှာ ယူကရိန်းကို စစ်ရေးအကူအညီတွေ ပေးထားပြီး၊ ရုရှားကို ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ လုပ်သွားမယ်လို့ ကြေညာထားပါတယ်။
ပူတင်အစိုးရကတော့ ယူကရိန်းကို ဝင်ရောက်ကျူးကျော်မယ့် စွပ်စွဲမှုတွေကို ငြင်းဆန်ထားပြီး ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လက်မခံဖို့ အဓိက တောင်းဆိုနေတာပါ။