ယူကရိန်းနိုင်ငံအရှေ့ပိုင်း ခါကိဗ်မြို့အပါအဝင် အနီးတဝိုက်ကဒေသတွေမှာ ဧပြီ ၂၂ ရက်က ရုရှားဒုံးကျည် ၅ စင်းထက်မနည်း ထိမှန်ခဲ့တာကြောင့် အရပ်ဘက် အဆောက်အအုံအချို့ ပျက်စီးသွားတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးဖြစ်သူ အိုလေဆီညေဟူဘိုကတော့ ခါကိဗ်မြို့တောင်ဘက်ရှိ ကော်တလဲရီကျေးရွာမှာ ဒုံးကျည်တစ်စင်း ထိမှန်ခဲ့သလို မြို့တွင်းမှာလည်း နောက်ထပ် ဒုံးကျည်တစ်စင်းကြောင့် အကြီးအကျယ် မီးလောင်ခဲ့တယ်လို့ တယ်လီဂရမ်မှာ ရေးသားထားပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကော်တလဲရီကျေးရွာက နေအိမ် နှစ်လုံး ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့တာပါ။ ဒီလိုပေါက်ကွဲရာက နေအိမ်တစ်လုံး လုံးဝကြေမွသွားတဲ့အပြင် အနားက တခြားနေအိမ်တစ်လုံးကိုပါ ထိမှန်ခဲ့ကြောင်း သိရပါတယ်။
ဒေသခံ လျူဘော့ဗ် ဟိုလော့ရှက်ဗ်ပိုဗာကတော့ "ပြတင်းပေါက်အားလုံး ကျိုးပဲ့သွားတဲ့အပြင် ခေါင်မိုးကလည်း တစ်စိတ်တစ်ပိုင်း ပျက်စီးသွားတယ်"လို့ ရိုက်တာ သတင်းဌာနကို မှတ်ချက်ပေးပါတယ်။
နောက်ထပ်ဒေသခံတစ်ဦးဖြစ်သူ နာတာလီယာ ပလော့တ်ကာ "ကလေးဖြစ်သူဟာ အလွန်ကို ကြောက်ရွံ့နေသလို ရေချိုးခန်းထဲကတောင် ကလေးကို မထုတ်ရဲသလောက်ပါပဲ၊ ရိုးရိုးသားသားပြောရရင်အားလုံးအသက်ရှင်ကျန်ခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင် ပါတယ်" လို့ ပြောပါတယ်။
ထိုင်ဝမ်က အမေရိကန် မြေပြင်ပစ်ဟာပွန်ဒုံးကျည် အစင်း ၄၀၀ ဝယ်မယ့် အစီအစဉ်ကို ပြတ်ပြတ်သားသား ကန့်ကွက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှု မြင့်တက်လာချိန်မှာ ထိုင်ဝမ်ဟာ မြေပြင်ကနေ ပစ်လွှတ်ရတဲ့ အမေရိကန်လုပ် ဟာပွန်ဒုံးကျည် အစင်း ၄၀၀ လောက် ဝယ်မယ်လို့ ဘလွန်းဘာ့ဂ် သတင်းဌာနက ဧပြီ ၁၇ ရက်မှာ ဖော်ပြပါတယ်။
အမေရိကန်ရဲ့ ပင်တဂွန်စစ်ဌာနချုပ်က သင်္ဘောဖျက်ဒုံးကျည် ၄၀၀ အတွက် ဒေါ်လာ ၁ ဒသမ ၁၇ ဘီလီယံ ကန်ထရိုက်ကို ဝယ်ယူသူအမည်မဖော်ဘဲ ဧပြီ ၇ ရက်က ကြေညာခဲ့တာပါ။
“ထုတ်လုပ်မှုကို ၂၀၂၉ ခုနှစ် မတ်လမှာ အပြီးသတ်ဖို့ မျှော်လင့်ထားတယ်၊ ထိုင်ဝမ်က ဝယ်သူဖြစ်တယ်” လို့ ဘလွန်းဘာ့ဂ်က ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေး အကျိုးစီးပွားကို ကာကွယ်ဖို့ ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်က ဧပြီ ၁၈ ရက် ဘေဂျင်းမြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ပြောခဲ့ပါတယ်။
အခုလထဲမှာ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင် မက်ကာသီဟာ ကယ်လီဖိုးနီးယားမှာ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ကို ဧည့်ခံခဲ့ပြီး တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်လာချိန်မှာ ထိုင်ဝမ်ဆီ လက်နက်တွေပေးပို့မှု အရှိန်မြှင့်ဖို့ လိုတယ်လို့ အလေးပေးပြောကြားပါတယ်။
တွေ့ဆုံပွဲအပြီး အောက်လွှတ်တော် တရုတ်ကွန်မြူနစ်ပါတီဆိုင်ရာ ကော်မတီရဲ့ ဥက္ကဋ္ဌ ရီပတ်ဘလီကန်အမတ် မိုက်ခ်ဂေါ်လာဂါက ဆော်ဒီအာရေဗျဆီသွားမယ့် အစီအစဉ်တွေထက် ထိုင်ဝမ်ဆီ ဟာပွန်ဒုံးကျည်တွေရဖို့ နည်းလမ်းတွေကို ရှာချင်တယ်လို့ ပြောခဲ့ပါတယ်။