close

ခါကိဗ်မြို့နှင့် အနီးတဝိုက်ကို ရုရှားက ဒုံးကျည်ဖြင့် ပစ်ခတ်

ယူကရိန်းနိုင်ငံအရှေ့ပိုင်း ခါကိဗ်မြို့အပါအဝင် အနီးတဝိုက်ကဒေသတွေမှာ ဧပြီ ၂၂ ရက်က ရုရှားဒုံးကျည် ၅ စင်းထက်မနည်း ထိမှန်ခဲ့တာကြောင့် အရပ်ဘက် အဆောက်အအုံအချို့ ပျက်စီးသွားတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးဖြစ်သူ အိုလေဆီညေဟူဘိုကတော့ ခါကိဗ်မြို့တောင်ဘက်ရှိ ကော်တလဲရီကျေးရွာမှာ ဒုံးကျည်တစ်စင်း ထိမှန်ခဲ့သလို မြို့တွင်းမှာလည်း နောက်ထပ် ဒုံးကျည်တစ်စင်းကြောင့် အကြီးအကျယ် မီးလောင်ခဲ့တယ်လို့ တယ်လီဂရမ်မှာ ရေးသားထားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကော်တလဲရီကျေးရွာက နေအိမ် နှစ်လုံး ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့တာပါ။ ဒီလိုပေါက်ကွဲရာက နေအိမ်တစ်လုံး လုံးဝကြေမွသွားတဲ့အပြင် အနားက တခြားနေအိမ်တစ်လုံးကိုပါ ထိမှန်ခဲ့ကြောင်း သိရပါတယ်။

ဒေသခံ လျူဘော့ဗ် ဟိုလော့ရှက်ဗ်ပိုဗာကတော့ "ပြတင်းပေါက်အားလုံး ကျိုးပဲ့သွားတဲ့အပြင် ခေါင်မိုးကလည်း တစ်စိတ်တစ်ပိုင်း ပျက်စီးသွားတယ်"လို့ ရိုက်တာ သတင်းဌာနကို မှတ်ချက်ပေးပါတယ်။ 

နောက်ထပ်ဒေသခံတစ်ဦးဖြစ်သူ နာတာလီယာ ပလော့တ်ကာ "ကလေးဖြစ်သူဟာ အလွန်ကို ကြောက်ရွံ့နေသလို ရေချိုးခန်းထဲကတောင် ကလေးကို မထုတ်ရဲသလောက်ပါပဲ၊ ရိုးရိုးသားသားပြောရရင်အားလုံးအသက်ရှင်ကျန်ခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင် ပါတယ်" လို့ ပြောပါတယ်။

Up