close

ဒေသခံ ၁၀၀

close

May 10, 2022

ဘီးလင်းမြို့နယ်၊ လေးကေစစ်ကောင်စီတပ်စခန်း၌ ဒေသခံ ၁၀၀ ခန့်ကို ဖမ်းဆီးထား

ကေအန်ယူ တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ လေးကေစခန်းမှာ စစ်တပ်နဲ့ BGF ပူးပေါင်းတပ်က ဒေသခံ ၁၀၀ လောက်ကို  လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတယ်လို့  ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ပြောပါတယ်။

KNLA ပူးပေါင်းအဖွဲ့တွေ အဝိုင်းခံထားရတဲ့ စစ်ကောင်စီရဲ့ လေးကေစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီနဲ့ BGF ပူးပေါင်း တပ်အင်အား ၅၀ လောက်ဟာ ဘားအံမြို့နယ်ကနေ ဘီးလင်းမြို့နယ်သို့  ချီတက်ရာ လမ်းတစ်လျှောက်ရှိ ကျေးရွာဒေသခံတွေကို ပေါ်တာဆွဲပြီး လူသားဒိုင်းကားအဖြစ် အသုံးပြုခဲ့တာပါ။

အဲဒီနောက်မှာတော့ ပေါ်တာဆွဲခံရတဲ့ ဒေသခံ ၁၀၀ လောက်ကို လေးကေစခန်းထိ ခေါ်ဆောင်လာပြီး မေလ ၁၀ ရက်အထိ ပြန်လွှတ်ပေးတာ မရှိဘဲ ဆက်လက် ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူတွေအထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေ အများဆုံး ပါဝင်ပြီး စစ်ကောင်စီနဲ့ BGF  ပူးပေါင်းတပ်ဟာ လေးကေစခန်းကို စစ်ကူဖို့ လာရောက်စဉ် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ခဲ့တဲ့သူတွေကို အထုပ်အပိုးတွေအပြင် ရိက္ခာတွေပါ သယ်ဆောင်ခိုင်းနေတယ်လို့ ဆိုပါတယ်။

ဘီးလင်းမြို့နယ်ထဲက စစ်ကောင်စီ လေးကေနဲ့ ဝင်းတာပန်စခန်းတွေကို ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO က ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက် နောက်ဆုံးထား ဆုတ်ခွာပေးဖို့ သတိပေးစာ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်က ဆုတ်ခွာတာ မရှိလို့ စစ်ရေး ပိုမို တင်းမာလာတာပါ။

စစ်ရေးအခြေအနေကြောင့် ဘီးလင်းမြို့နယ်က ဒေသခံပြည်သူ ၁၀၀၀၀  ကျော်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

11 hours Ago

November 20, 2020

မအူပင်တွင် ထောက်ပံ့ကြေးငွေ ကျပ် ၄၀,၀၀၀ မရသဖြင့် ဒေသခံ ၁၀၀ ကျော် ဆန္ဒပြ

ဧရာ၀တီတိုင်း၊ မအူပင်မြို့မှာ နိုဝင်ဘာလ ၁၉ ရက်နေ့ ညပိုင်းက နိုင်ငံတော် ထောက်ပံ့ကြေးငွေ ကျပ် ၄၀,၀၀၀ မရလို့ ဒေသခံ ၁၀၀ ကျော် အုပ်ချုပ်ရေးမှူးရုံးရှေ့ ထပ်မံဆန္ဒပြခဲ့ကြပါတယ်။ အမှတ် (၈) ရပ်​ကွက်​ ​ထောက်ပံကြေးပေးရာမှာ စာရင်းစတင်​ကောက်ယူကတည်းက ပွင့်လင်းမြင်စွာမရှိခဲ့ဘဲ အိမ်​​ခြေ ၆၄၆ အိမ်​ကို ၁၁၂ အိမ်​သာတင်​ခဲ့ပြီး လက်သင့်ရာကိုသာ စာရင်းကောက်ခဲ့ကြပြီး စာရင်းမပါသူ များပြားတယ်လို့ ရပ်ကွက်နေ အသက် ၈၀ အရွယ်​​ ​ဒေါ်ခင်သန်းက ပြောပါတယ်။ "တကြိမ်လည်းမဟုတ်၊ နှစ်ကြိမ်လည်းမဟုတ်၊ သုံးကြိမ်လည်းမဟုတ်ဆိုတော့ ရင်ထဲမကောင်းဘူးပေါ့။ အသက်က ၈၀ ပြည့်တော့မယ်လေ ဘာမှလုပ်ကိုင်မစားနိုင်တော့ ပိုဆိုးတယ်။ သူတို့အချင်းချင်း လက်သိပ်ထိုးပေးနေတာတွေ မြင်ရကြားရတော့ အခုလို လမ်းပေါ်တတ်ပြီး ဆန္ဒ​ဖော်ထုတ်ရတာပါ။" နိုင်ငံတော်က ထောက်ပံ့ငွေမရတဲ့အထဲမှာ လမ်းဘေးဈေးရောင်းသူတွေ အိမ်ငှားနေရသူတွေနဲ့ ဈေးမရောင်းရတော့လို့ စားဝတ်နေရေး အကြပ်တည်းရင်ဆိုင်နေရသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ အမှတ် (၈) ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးကျော်မြင့်က  "ကျနော်မနေ့ကလည်း ရှင်းပြပြီးပြီ။ အမှတ် (၈) ရပ်ကွက်မှာ အိမ်ခြေ ၆၄၆ အိမ်ရှိတယ်။ အခြေခံလူတန်းစား လက်လုပ်လက်စား စာရင်းအိမ်ခြေ ၁၁၂ အိမ် စာရင်းတင်ထားတယ်။ အိမ်ခြေ ၁၁၂ အိမ်ကို တစ်အိမ်ထောင် လေးသောင်းနှုန်းနဲ့ နိုင်ငံတော်က ​ထောက်ပံ့ကြေး ပြန်ကျတယ်။ အဲဒီစာရင်းပါတဲ့ ၁၁၂ အိမ်ကိုပဲ ​ဝေပေးထားတာဖြစ်ပါတယ်" လို့ ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အများဆုံးဖြစ်နေလို့ Stay at Home အမိန့် ထုတ်ပြန် ထားတဲ့ မအူပင်မြို့မှာ လူရာနဲ့ချီပြီး လူစုလူဝေးနဲ့ ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်ခဲ့သူ ၁၅ ဦးကို အမှုမှုဖွင့်တရားစွဲဆိုမယ်လို့ မြို့နယ်ရဲတပ်ဖွဲ့က သိရပါတယ်။ နို၀င်ဘာ ၁၇ ရက် မနက်ပိုင်းကလည်း မအူပင်မြို့ အမှတ် (၁၀) ရပ်ကွက်မှာ ကိုဗစ်ကာလ နိုင်​ငံ​တော်​ကပေးတဲ့ ​ထောက်ပံကြေး အပြည့်အဝ မရရှိလို့ ရပ်ကွက်နေပြည်သူတွေက ဆန္ဒ ​ဖော်ထုတ်ခဲ့ပါတယ်။ မင်းထက်မုန်း (ပုသိမ်)  
1 year Ago
Up