close

ဘီးလင်းမြို့နယ်၊ လေးကေစစ်ကောင်စီတပ်စခန်း၌ ဒေသခံ ၁၀၀ ခန့်ကို ဖမ်းဆီးထား

ကေအန်ယူ တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ လေးကေစခန်းမှာ စစ်တပ်နဲ့ BGF ပူးပေါင်းတပ်က ဒေသခံ ၁၀၀ လောက်ကို  လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတယ်လို့  ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ပြောပါတယ်။

KNLA ပူးပေါင်းအဖွဲ့တွေ အဝိုင်းခံထားရတဲ့ စစ်ကောင်စီရဲ့ လေးကေစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီနဲ့ BGF ပူးပေါင်း တပ်အင်အား ၅၀ လောက်ဟာ ဘားအံမြို့နယ်ကနေ ဘီးလင်းမြို့နယ်သို့  ချီတက်ရာ လမ်းတစ်လျှောက်ရှိ ကျေးရွာဒေသခံတွေကို ပေါ်တာဆွဲပြီး လူသားဒိုင်းကားအဖြစ် အသုံးပြုခဲ့တာပါ။

အဲဒီနောက်မှာတော့ ပေါ်တာဆွဲခံရတဲ့ ဒေသခံ ၁၀၀ လောက်ကို လေးကေစခန်းထိ ခေါ်ဆောင်လာပြီး မေလ ၁၀ ရက်အထိ ပြန်လွှတ်ပေးတာ မရှိဘဲ ဆက်လက် ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူတွေအထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေ အများဆုံး ပါဝင်ပြီး စစ်ကောင်စီနဲ့ BGF  ပူးပေါင်းတပ်ဟာ လေးကေစခန်းကို စစ်ကူဖို့ လာရောက်စဉ် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ခဲ့တဲ့သူတွေကို အထုပ်အပိုးတွေအပြင် ရိက္ခာတွေပါ သယ်ဆောင်ခိုင်းနေတယ်လို့ ဆိုပါတယ်။

ဘီးလင်းမြို့နယ်ထဲက စစ်ကောင်စီ လေးကေနဲ့ ဝင်းတာပန်စခန်းတွေကို ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO က ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက် နောက်ဆုံးထား ဆုတ်ခွာပေးဖို့ သတိပေးစာ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်က ဆုတ်ခွာတာ မရှိလို့ စစ်ရေး ပိုမို တင်းမာလာတာပါ။

စစ်ရေးအခြေအနေကြောင့် ဘီးလင်းမြို့နယ်က ဒေသခံပြည်သူ ၁၀၀၀၀  ကျော်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up