နာမည်ကြီး ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့အပါအဝင် တော်လှန်ရေးသံချပ်အဖွဲ့တွေ ပူးပေါင်းကာ "တော်လှန်သင်္ကြန်ရဲ့ ဒစ်ဂျစ်တယ်စင်မြင့်ပေါ်က တော်လှန်သံချပ်" အစီအစဉ်ကို ၅ ရက်တိုင်တိုင် ထုတ်လွှင့်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
“ရဲဘော်ပြည်သူတို့ရေ... ခက်ခဲပင်ပန်းလှတဲ့ တနှစ်ကာလကို အတူဖြတ်ကျော်ခဲ့ကြတာ ကျေးဇူးတင်ပါတယ်။ တနှစ်တာလုံးရဲ့ ပင်ပန်းမှုတွေကို ဖြေလျော့ကြတဲ့ နှစ်သစ်ကူးသင်္ကြန်ကာလကိုလည်း ကိုဗစ်ကြောင့်၊ အာဏာရူးတသိုက်ရဲ့ ခွေးရူးပြန်မှုကြောင့်နဲ့ မဆင်နွှဲခဲ့ကြရတာ ၃ နှစ်မြောက်ပါပြီ။ ရဲဘော်တို့ ပင်ပန်းနေမှာ၊ စိတ်ရှုပ်ထွေးနေကြရမှာ၊ စိတ်အပန်းဖြေချင်ကြမှာ တော်လှန်ရေးအင်အားစုတွေက အပြည့်အဝ နားလည်ပါတယ် ရဲဘော်ပြည်သူတို့ရေ။”
ဒီအစီအစဉ်မှာတော့ ဒေါင်းတို့မျိုးဆက်(ရန်ကုန်)အဖွဲ့နဲ့အတူ ဒေါင်းမျိုးဆက် (မုံရွာ)၊ ဟိုထိုးဒီထိုးရွှေလက်ညှိုး (ဗကသမျိုးဆက်များ) ၊ ရန်ကုန်တော်လှန် လူငယ်သံချပ် (UG ရဲဘော်များ)စတဲ့ အဖွဲ့တွေက ခေတ် ဆိုး၊ စနစ်ဆိုးကို မီးမောင်းထိုး ပြည့်သူ့အသံ၊ တော်လှန်ရေးအသံတွေကို သံချပ်အဖြစ်နဲ့ပြောင်းကာ တင်ဆက်ထားတဲ့ တော်လှန်သံချပ်ကို ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ သင်္ကြန်ပွဲတော်ကျင်းပဖို့ ဖိအားပေးပြင်ဆင်နေသလို ပြည်သူတရပ်လုံးကလည်း ဒီပွဲတော်မှာ မပါဝင်မဆင်နွှဲကြခြင်းနဲ့ အာဏာရှင်ကို ဆက်လက် ပြီးတော့ ဆန့်ကျင်တော်လှန်ဖို့ ပြင်ဆင်နေကြပါတယ်။
ဧပြီ ၁၂ ရက် ဒီကနေ့က စတင်ပြီး လာမယ့် ၁၆ ရက်အထိ ညစဉ် ၇ နာရီကနေ ၈ နာရီအတွင်း ထုတ်လွှင့်မယ့် ဒီသံချပ်အစီအစဉ်ကိုတော့ ဒီဗွီဘီ ရုပ်သံဌာနအပါအဝင် Dday channel ၊ PVtv နဲ့ တခြား တော်လှန်ရေးမီဒီယာတွေ အသီးသီးမှာ ထုတ်လွှင့်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
“စစ်ကျွန်လက်အောက် ကျရောက်နေသ၍ ရသမျှအပန်းပြေမှုနဲ့ ပျော်ရွှင်မှုဆိုတာ ချီးတွင်းထဲက လောက်တွေရတဲ့ ပျော်ရွှင်မှုလိုမျိုးပါပဲ။ စစ်အာဏာရှင်တွေ ဖန်တီးပေးတဲ့ ပျော်ပွဲရွှင်ပွဲတွေဆိုတာလည်း ဒင်းတို့ လူပိုသတ်နိုင်အောင် ဖန်တီးထားတဲ့ သတ်ကွင်းရှေ့က အယောင်ပြစင်တခုပါပဲ။ ဒါကို တို့ရဲဘော်ပြည်သူတွေက သတိထားဖို့၊ အသိမှန်ဖို့ လိုပါတယ်။ ပြည်သူ့အာဏာပြည်သူပြန်မရမချင်း ဒီအတုအယောင်တွေ အားလုံးကို သည်းခံကျော်ဖြတ်ကြဖို့ ထပ်မံမေတ္တာရပ်ခံ တိုက်တွန်းလိုက်ရပါတယ်။”
အနှစ်သာရပြည့်တဲ့ တော်လှန်သတင်းစကားတွေပါတဲ့ တော်လှန်သင်္ကြန် တော်လှန်သံချပ်တွေနဲ့ အတူ ဒေါင်းတို့မျိုးဆက်သံချပ်ဟာ လူထုရှေ့ကို အရောက်လာဖို့ ရှိနေတယ်လို့ သံချပ်အဖွဲ့က ပြောပါတယ်။
ဒေါင်းတို့မျိုးဆက်ဟာ ၂၀၁၃ ခုနှစ်ကတည်းက ကျောင်းသားသမဂ္ဂက လူငယ်တွေ အခြေခံကာ စတင်ဖွဲ့စည်းခဲ့ပြီး သံချပ်တွေ ဖျော်ဖြေကာ ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးအပြင် တဘက်မှာ တိုင်းပြည်ရဲ့ နိုင်ငံရေးအာဏာ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးတွေမှာ မတရားသဖြင့် ယူထားတဲ့ စစ်တပ်ရဲ့ နိုင်ငံရေး ပါဝင်နေမှုကို အစဉ်တစိုက် လှောင်ပြောင်၊ သရော်၊ ရှုတ်ချခဲ့တာပါ။
အဲဒါကြောင့်လည်း စစ်တပ်က အငြိုးအတေးကြီးထားပြီး ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ခေါင်းဆောင်တွေကို ၂၀၁၉ ခုနှစ်တုန်းက ပုဒ်မပေါင်းများစွာနဲ့ မြို့နယ်ပေါင်းများစွာမှာ တရားစွဲဆို အကြိမ်ကြိမ် ထောင်ချခဲ့တာ ဖြစ်ပါတယ်။
အခုလို စစ်အာဏာသိမ်းထားတဲ့ ဒီနှစ်သင်္ကြန်မှာတော့ တကယ့်ကို အနှစ်သာရပြည့်တဲ့ တော်လှန်သတင်းစကားတွေ ပါတဲ့ တော်လှန်သင်္ကြန် တော်လှန်သံချပ်တွေနဲ့ လူထုဆီ အရောက်လာဖို့ ရှိတယ်လို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုနန်းလင်းက ပြောပါတယ်။
“အတာသင်္ကြန်ကျရင်တော့ တကယ့်ကို အနှစ်သာရပြည့်တဲ့ တော်လှန်သင်္ကြန် တော်လှန်သံချပ်တွေနဲ့အတူ ပြည်သူလူထုရှေ့ကို အရောက်လာမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ငြိမ်းချမ်းရေးတို့၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့ ပြောလို့ရတဲ့ အခြေအနေလည်း မဟုတ်တော့ဘူး။ ကျနော်တို့ရဲ့ ပန်းတိုင်ကဖက်ဒရယ်ဒီမိုကရေစီ ဖြစ်မယ်။ ကျနော်တို့ရဲ့ ပန်းတိုင်က စစ်တပ်က နိုင်ငံရေးမှာ လုံးဝမပါဘဲ အရပ်သားအုပ်ချုပ်မှုအောက်မှာ ရှိရမယ်။ လက်ရှိ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေ၊ ရာထူးကြီးငယ်မရွေး၊ တာဝန်ရှိသူမည်သူမဆို ပြစ်မှုတွေကို ပြည်သူ့ခုံရုံးမှာ ပြန်ပြီးတော့ တရားစီရင်ခံရမယ်။ ဒါမျိုးတွေ သတင်းစကားပါတဲ့ သတင်းစကားပေါင်းများစွာနဲ့ တော်လှန်သံချပ်တွေနဲ့ သင်္ကြန်မှာ ဖျော်ဖြေသွားဖို့ ရှိပါတယ်။”
စစ်အာဏာသိမ်းပြီး ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ နေရာတွေ ကွဲသွားပြီး ကျရာနေရာမှာ တာဝန်ထမ်းဆောင်နေကြပါတယ်။ အဲဒါကြောင့် တော်လှန်သင်္ကြန်မှာ ဖျော်ဖြေမယ့် သံချပ်ကို ပုံစံ နှစ်မျိုးနဲ့ တင်ဆက်မှာဖြစ်တဲ့အတွက် တောထဲရောက်နေတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေက တောထဲမှာ သံချပ်ဖျော်ဖြေမှာဖြစ်ပြီး မြေပြင်သပိတ်မှာ ရှိနေတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကတော့ အွန်လိုင်းကနေ ဖျော်ဖြေမှာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ထောင်နဲ့ချီတဲ့ ပြည်သူတွေရဲ့ သွေးတွေစီးနေတဲ့ လမ်းမထက်ကို စစ်အာဏာရှင်က သင်္ကြန်ရေနဲ့ ဆေးကြောဖို့ ကြိုးစားနေကြတဲ့အတွက် အကြမ်းဖက် စစ်ကောင်စီက ပြုလုပ်တဲ့ ဖက်ဆစ်သင်္ကြန်ကို ပြည်သူတွေ သွားရောက် ပူးပေါင်းဆောင်ရွက်ခြင်း မပြုဘဲ သပိတ်မှောက်ကြဖို့ ကိုနန်းလင်းက တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သင်္ကြန်ကာလအတွင်းမှာလည်း စစ်ကောင်စီက သင်္ကြန်ရေကစားခွင့် ပြုခဲ့ပေမယ့် ပြည်သူတွေဟာ တက်ညီလက်ညီ သင်္ကြန်ပွဲတော်ကို ပါဝင်ခြင်း မပြုဘဲ သပိတ်မှောက်ခဲ့ကြပြီး ဝမ်းနည်းပူဆွေးမှုတွေနဲ့ ဖြတ်သန်းခဲ့ကြတာပါ။ ဒီနှစ်မှာ စစ်ကောင်စီက မဏ္ဍပ်တွေ ဆောက်လုပ်ကာ သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးကတည်းက တိုင်းပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးဟာ အဘက်ဘက်က ကျဆင်းနေခဲ့ပေမဲ့ တဘက်က အာဏာသိမ်းစစ်အုပ်စုက တိုင်းပြည် ပုံမှန်လည်ပတ်နေသလို အဓမ္မလုပ်ကြံ ဖန်တီးလိုတာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အတုအယောက် အပျော်သင်္ကြန်ကို ပူးပေါင်းပါဝင်မှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း မန္တလေး သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ပြောပါတယ်။
“ပြည်သူလူထုတရပ်က အာဏာရှင်ဆန့်ကျင်ရေးအတွက် တော်လှန်ရေးတရပ်ကို ဆင်နွှဲနေပြီ ဖြစ်တယ်။ အခုလာမယ့် မကြာခင်ကျရောက်မယ့် မြန်မာ့နှစ်သစ်ကူး သင်္ကြန်အချိန်မှာလည်း ဒီအတိုင်းပါပဲ။ အခုဆိုရင် အကြမ်းဖက်စစ်အုပ်စုက မြို့ရွာရပ်ကွက်တွေမှာ ဖိအားပေးပြီး သင်္ကြန်ပွဲဆိုပြီး အကြောင်းပြပြီးတော့ အတုအယောင်ပျော်ပွဲရွှင်ပွဲတွေ အတုအယောင်သင်္ကြန်ကို ပုံဖော်ဖို့ ကြိုးစားနေတယ်။ စစ်အုပ်စုက ဖန်တီးလုပ်ကြံထားတဲ့ အတုအယောင် အပျော်သင်္ကြန်မှာ ပူးပေါင်းပါဝင်ကြမှာ မဟုတ်ဘူးလို့ ယုံကြည်တယ်။”
အကြမ်းဖက် စစ်ကောင်စီက ဖိအားပေးကျင်းပဖို့ ပြင်ဆင်နေတဲ့ သင်္ကြန်ပွဲတော်ကို ပြည်သူတွေ သပိတ်မှောက်ကြဖို့ တိုက်တွန်းနှိုးဆော်နေချိန်မှာပဲ မြန်မာပြည်တွင်းက နာမည်ကြီး ဟိုတယ်တွေ၊ ဘားတွေ၊ အပျော်စီးသင်္ဘောတွေ၊ အပန်းဖြေနေရာတွေ၊ အများစုကတော့ သက်ဆိုင်ရာ နေရာတွေမှာ သီးသန့်သင်္ကြန်ပွဲ ဆင်နွှဲနိုင်ဖို့ အပြိုင်အဆိုင် ကြော်ငြာနေကြပါတယ်။
ပြည်သူတွေအနေနဲ့ တော်လှန်ရေးအတွင်း ကျဆုံးလေပြီးတဲ့ အာဇာနည်ပုဂ္ဂိုလ်တွေ၊ အဓမ္မ ဖမ်းဆီးခံထားရတဲ့ အကျဉ်းကျသူရဲကောင်းတွေ၊ အစားထိုးပြန်မရနိုင်တဲ့ အသက်ကို စတေးကာ တိုင်းပြည်အတွက် တောထဲ တောင်ထဲ တိုက်ပွဲဝင်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ CDM သူရဲကောင်းတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ အသိအမှတ်ပြု၊ စာနာ၊ လေးစား၊ ဂုဏ်ပြုတဲ့အနေနဲ့ အကြဖမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ‘အပျော်သင်္ကြန်’ နဲ့ သင်္ကြန်အကြောင်းပြ ပျော်ပွဲရွှင်ပွဲ ပွဲလမ်းသဘင်အစီအစဉ်တွေကို လုံးဝ မပူးပေါင်း မပါဝင်ကြဘဲ သပိတ်မှောက်ကြဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်းအားစုတွေကလည်း တိုက်တွန်း ထုတ်ပြန်ထားပါတယ်။