close

ဒေါင်းတို့မျိုးဆက်အပါအဝင် သံချပ်အဖွဲ့များက တော်လှန်သင်္ကြန်သံချပ်ထုတ်လွှင့်မည်

နာမည်ကြီး ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့အပါအဝင် တော်လှန်ရေးသံချပ်အဖွဲ့တွေ ပူးပေါင်းကာ "တော်လှန်သင်္ကြန်ရဲ့ ဒစ်ဂျစ်တယ်စင်မြင့်ပေါ်က တော်လှန်သံချပ်" အစီအစဉ်ကို ၅ ရက်တိုင်တိုင် ထုတ်လွှင့်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

“ရဲဘော်ပြည်သူတို့ရေ... ခက်ခဲပင်ပန်းလှတဲ့ တနှစ်ကာလကို အတူဖြတ်ကျော်ခဲ့ကြတာ ကျေးဇူးတင်ပါတယ်။ တနှစ်တာလုံးရဲ့ ပင်ပန်းမှုတွေကို ဖြေလျော့ကြတဲ့ နှစ်သစ်ကူးသင်္ကြန်ကာလကိုလည်း ကိုဗစ်ကြောင့်၊ အာဏာရူးတသိုက်ရဲ့ ခွေးရူးပြန်မှုကြောင့်နဲ့ မဆင်နွှဲခဲ့ကြရတာ ၃ နှစ်မြောက်ပါပြီ။ ရဲဘော်တို့ ပင်ပန်းနေမှာ၊ စိတ်ရှုပ်ထွေးနေကြရမှာ၊ စိတ်အပန်းဖြေချင်ကြမှာ တော်လှန်ရေးအင်အားစုတွေက အပြည့်အဝ နားလည်ပါတယ် ရဲဘော်ပြည်သူတို့ရေ။”

ဒီအစီအစဉ်မှာတော့ ဒေါင်းတို့မျိုးဆက်(ရန်ကုန်)အဖွဲ့နဲ့အတူ ဒေါင်းမျိုးဆက် (မုံရွာ)၊ ဟိုထိုးဒီထိုးရွှေလက်ညှိုး (ဗကသမျိုးဆက်များ) ၊ ရန်ကုန်တော်လှန် လူငယ်သံချပ် (UG ရဲဘော်များ)စတဲ့ အဖွဲ့တွေက ခေတ် ဆိုး၊ စနစ်ဆိုးကို မီးမောင်းထိုး ပြည့်သူ့အသံ၊ တော်လှန်ရေးအသံတွေကို သံချပ်အဖြစ်နဲ့ပြောင်းကာ  တင်ဆက်ထားတဲ့ တော်လှန်သံချပ်ကို ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ သင်္ကြန်ပွဲတော်ကျင်းပဖို့ ဖိအားပေးပြင်ဆင်နေသလို ပြည်သူတရပ်လုံးကလည်း  ဒီပွဲတော်မှာ မပါဝင်မဆင်နွှဲကြခြင်းနဲ့ အာဏာရှင်ကို ဆက်လက် ပြီးတော့ ဆန့်ကျင်တော်လှန်ဖို့ ပြင်ဆင်နေကြပါတယ်။

 ဧပြီ ၁၂ ရက် ဒီကနေ့က စတင်ပြီး လာမယ့် ၁၆ ရက်အထိ ညစဉ် ၇ နာရီကနေ ၈ နာရီအတွင်း ထုတ်လွှင့်မယ့် ဒီသံချပ်အစီအစဉ်ကိုတော့ ဒီဗွီဘီ ရုပ်သံဌာနအပါအဝင် Dday channel ၊ PVtv နဲ့ တခြား တော်လှန်ရေးမီဒီယာတွေ အသီးသီးမှာ ထုတ်လွှင့်တင်ဆက်သွားမှာ ဖြစ်ပါတယ်။

“စစ်ကျွန်လက်အောက် ကျရောက်နေသ၍ ရသမျှအပန်းပြေမှုနဲ့ ပျော်ရွှင်မှုဆိုတာ ချီးတွင်းထဲက လောက်တွေရတဲ့ ပျော်ရွှင်မှုလိုမျိုးပါပဲ။ စစ်အာဏာရှင်တွေ ဖန်တီးပေးတဲ့ ပျော်ပွဲရွှင်ပွဲတွေဆိုတာလည်း ဒင်းတို့ လူပိုသတ်နိုင်အောင် ဖန်တီးထားတဲ့ သတ်ကွင်းရှေ့က အယောင်ပြစင်တခုပါပဲ။ ဒါကို တို့ရဲဘော်ပြည်သူတွေက သတိထားဖို့၊ အသိမှန်ဖို့ လိုပါတယ်။ ပြည်သူ့အာဏာပြည်သူပြန်မရမချင်း ဒီအတုအယောင်တွေ အားလုံးကို သည်းခံကျော်ဖြတ်ကြဖို့ ထပ်မံမေတ္တာရပ်ခံ တိုက်တွန်းလိုက်ရပါတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up