အမေရိကန်သမ္မတဟောင်း ဒေါ်နလ်ထရမ့်ပ်ဟာ သူရာဇ၀တ်မှုစွဲချက်တွေကို ရင်ဆိုင်ရရင် နိုင်ငံပျက်စီးတာနဲ့ ကြုံရနိုင်ကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။
“အခု သမ္မတ တက်လုပ်နေသူထက် မဲအများဆုံးရခဲ့တဲ့ အမေရိကန်သမ္မတဟောင်းကို ဘယ်လို ပုဂ္ဂိုလ်မျိုးက ရာဇဝတ်မှုနဲ့ တရားစွဲလို့ရမလဲ။ ဘာရာဇဝတ်မှုမှ မကျူးလွန်ထားပဲ တရားစွဲခံရမှန်း အားလုံးသိသွားတဲ့အခါ သေခြင်းတရားနဲ့ ပျက်စီးခြင်းတွေဟာ နိုင်ငံရဲ့ကပ်ဆိုး ဖြစ်သွားနိုင်တယ်” လို့ ဒေါ်နယ်ထရမ့်ပ်က ပြောထားပါတယ်။
အပြာသရုပ်ဆောင် စတော်မီ ဒယ်နီယလ်ကို ထရမ့်ပ်က တိတ်တဆိတ်ငွေပေးချေမှုကို စုံစမ်း စစ်ဆေးနေတဲ့ နယူးယောက် အစိုးရရှေ့နေတွေက သူတို့ ခြိမ်းခြောက်ခံရမှာ မဟုတ်ဘူးလို့ ပြောကြားအပြီး နာရီပိုင်းအကြာမှာပဲ ထရမ့်ပ်က ပြောသွားတာပါ။
အပြာသရုပ်ဆောင် စတော်မီ ဒယ်နီယလ်ကတော့ ၂၀၀၆ ခုနှစ်က ထရမ့်ပ်နဲ့ လိင်ပိုင်းဆိုင်ရာ တွေ့ဆုံခဲ့မှုနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေပေးခ ငွေကြေးကို လက်ခံရရှိခဲ့ကြောင်း ပြောထားပါတယ်။
ထရမ့်ပ်ကတော့ ဒယ်နီယလ်နဲ့ ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပြီး အဲဒီငွေပေးချေမှုကို ရိုးရှင်းတဲ့ သီးသန့်ငွေပေးငွေယူကိစ္စ လို့ ဆိုထားပါတယ်။
သူဟာ ရာဇ၀တ်မှု ကျူးလွန်ထားခြင်း မရှိကြောင်းနဲ့ ဒီစုံစမ်းစစ်ဆေးမှုကိုလည်း နိုင်ငံရေးအရ လှုံ့ဆော်မှု လို့ ခေါ်ဆိုခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ ထရုသ်-အမှန်တရား ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ပို့စ်ဟာ ထရမ့်က နောက် ၃ ရက်အကြာမှာ သူ အဖမ်းခံရတော့မယ် ဆိုပြီး မှားယွင်းစွာခန့်မှန်းခဲ့တဲ့ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက် ကတည်းက မန်ဟက်တန် ခရိုင်ရှေ့နေ အလ်ဗင်ဘရက်ခ်ကို နှုတ်နဲ့တိုက်ခိုက်ထားတဲ့စာကို နောက်ဆုံး တင်ထားပါတယ်။
မတ် ၂၃ ရက်က ကွန်ဂရက်လွှတ်တော်ရှိ ရီပတ်ဘလစ်ကန် ကော်မတီဥက္ကဋ္ဌတွေဆီ ပေးပို့တဲ့ စာတစ်စောင်ထဲမှာ ဘရက်ခ်ရဲ့ ရုံးအဖွဲ့ဟာ သူ့ရုံးခန်းကို စုံစမ်းစစ်ဆေးဖို့ သူတို့ရဲ့ ရာထူးကို စိန်ခေါ်ခဲ့ပြီးတော့ ထရမ့်ပ်ဟာ စနေနေ့မှာ သူ အဖမ်းခံရတော့မယ် ဆိုပြီး သတင်းမှားတခုကို ဖန်တီးခဲ့တယ် လို့ ပြောထားပါတယ်။
ထရမ့်ပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိမ်ခံရလို့ သူ ရှုံးနိမ့်ခဲ့ရတယ်လို့ အခိုင်အမာ ပြောဆိုခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲရလဒ်ကို ကွန်ဂရက်လွှတ်တော်အနေနဲ့ အသိအမှတ်မပြုဖို့ တားဆီးတဲ့ ကြိုးပမ်းမှုအနေနဲ့ ၂၀၂၁ ဇန်နဝါရီ ၆ ရက်မှာ အမေရိကန်လွှတ်တော်အဆောက်အဦကို ဝင်စီးနင်းဖို့ ဒေါ်နယ်ထမ့်ပ်က သူ့ထောက်ခံသူတွေကို လှုံ့ဆော်ခဲ့ပါတယ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ပ်ဟာ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ စီစဉ်တော့မှာဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်မှာ ကြေညာချက်ထုတ်ပြန်ဖို့ ရှိတယ်လို့ တနင်္လာနေ့က အိုဟိုင်းယိုးပြည်နယ်က ဒေးတန်မြို့မှာလုပ်တဲ့ နိုင်ငံရေးစုဝေးပွဲမှာ ပြောပါတယ်။
ထရမ့်ပ်က ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ရီပတ်ဘလစ်ကန် အမေရိကန် အထက်လွှတ်တော်ကိုယ်စားလှယ်လောင်း J.D. Vance အတွက် လူထုစည်းဝေးပွဲတခုမှာ သမ္မတ ဂျိုးဘိုင်ဒင်ကို ပြင်းပြင်းထန်ထန်ရှုတ်ချတဲ့ မိန့်ခွန်းပြောအပြီးမှာ သူဟာ အိမ်ဖြူတော်အတွက် ဒုတိယအကြိမ် အရွေးခံမှာဖြစ်ကြောင်းနဲ့ အမေရိကန်ပြည်ကြီးကတော့ ရူးသွပ်သွားပြီလို့ ထောက်ခံသူတွေကို ပြောကြားခဲ့တာပါ။ ဒါပေမဲ့ ထရမ့်ပ်ဟာ အသေးစိတ်ကို ပြောကြားဖို့တော့ ငြင်းဆန်ခဲ့ပါတယ်။
ထရမ့်ပ်ဘက်သား ထောက်ခံသူတွေဟာ ရွေးကောက်ပွဲဝန်ထမ်းတွေနဲ့ မဲဆန္ဒရှင်တွေကို ခြိမ်းခြောက် နှောင့်ယှက်နေကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီရဲ့ ခင်ပွန်းဖြစ်သူ အောက်တိုဘာ ၁၈ ရက်က တိုက်ခိုက်ခံရမှုကြောင့် နိုင်ငံရေးအကြမ်းဖက်မှုကို ပိုမိုကြောက်ရွံ့လာစေပါတယ်။
တနင်္လာနေ့က အိုဟိုင်းယိုးပြည်နယ် လူထုစုဝေးပွဲမှာ ထရမ့်ပ်က အောက်လွှတ်တော်ဥက္ကဋ္ဌကို ‘တိရစ္ဆာန်’ လို့ ခေါ်ဆိုသုံးနှုန်းခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ဖြူတော်ကတော့ တရားဥပဒေစိုးမိုးရေးပိုင်းဟာ တိကျပြီး ယုံကြည်ရလောက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ဘာတခုမှ မထုတ်ပြန်ခဲ့ဘူးလို့ တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။
အမေရိကန်တရားရေးဌာနကတော့ နိုင်ငံတဝန်းရှိ နေရာ ၆၄ ခုမှာ မဲပေးမှုတွေကို စောင့်ကြည့်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
တနင်္လာနေ့အစောပိုင်းက ဘိုင်ဒင်ဟာ ရီပတ်ဘလစ်ကန်တွေ နိုင်သွားရင် နိုင်ငံရဲ့ ဒီမိုကရေစီ အဖွဲ့အစည်းတွေကို အားနည်းသွားစေနိုင်ကြောင်း သတိပေး ပြောကြားခဲ့တာပါ။
နိုဝင်ဘာ ၈ ရက်မှာ အမေရိကန်တွေဟာ ကွန်ဂရက်လွှတ်တော်တရပ်ရပ် ဒါမှမဟုတ် လွှတ်တော် နှစ်ရပ်လုံးမှာ ရီပတ်ဘလစ်ကန်တွေ အနိုင်ရနိုင်ခြေရှိတဲ့ ရွေးကောက်ပွဲတွေမှာ မဲပေးကြတော့မှာဖြစ်တယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။
ဘက်မလိုက်တဲ့ ရွေးကောက်ပွဲ ကြိုတင်ခန့်မှန်းသူတွေကတော့ အမတ်နေရာ ၄၃၅ နေရာရှိတဲ့ အောက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်တွေဟာ အကြမ်းဖျင်း နေရာ ၂၅ နေရာလောက် တက်လာနိုင်ဖွယ်ရှိပြီး အများစုအနိုင်ရဖို့ လုံလောက်တယ်လို့ ခန့်မှန်းကြပါတယ်။
ရီပတ်ဘလစ်ကန်တွေဟာ အထက်လွှတ်တော်ကို ချုပ်ကိုင်နိုင်ဖို့ လိုအပ်တဲ့ ၁ နေရာကို ရယူနိုင်ကြောင်း လေ့လာသုံးသပ်သူတွေက ပြောကြားခဲ့ပါတယ်။
တကယ်လို့ ထရမ့်ပ် အရွေးခံရပြီး အနိုင်ရခဲ့ရင် သမိုင်းမှာ ကာလတဆက်တည်း မဟုတ်တဲ့ ဒုတိယမြောက် အမေရိကန်သမ္မတ ဖြစ်လာမှာပါ။ အသက် ၇၉ နှစ်အရွယ် ဘိုင်ဒင်ကတော့ ဒုတိယမြောက်သက်တမ်းမှာ ပြန်အရွေးခံ မခံ မကြေညာထားသေးပါဘူး။