အင်္ဂလန်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ဧပြီ ၂၇ ရက်က အသင်းဟောင်း ပီအက်စ်ဂျီ လေ့ကျင့်ရေးကွင်းဆီကို သွားရောက်လည်ပတ်ခဲ့ပါတယ်။
ဘက်ခမ်းဟာ ပီအက်စ်ဂျီအသင်းရဲ့ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ အမ်ဘာပေ၊ ရာမို့စ်တို့နဲ့ ဓာတ်ပုံအတူတွဲရိုက်ခဲ့သလို အသင်းသား ၂၄ ဦးနဲ့လည်း စုပေါင်းဓာတ်ပုံရိုက်ခဲ့ပါတယ်။
အသက် ၄၇ နှစ်ရှိ ဘက်ခမ်းဟာ ကစားသမား ဘဝက ပီအက်စ်ဂျီအသင်းမှာ နောက်ဆုံးကစားခဲ့ပြီး အနားယူခဲ့တာပါ။
အဲဒီတုန်းကအသင်းမှာ အတူတွဲဖက် ကစားခဲ့ဖူးတဲ့ ကစားသမားတွေထဲမှာ ကွင်းလယ်လူ ဗာရက်တီတစ်ဦးသာ ပီအက်စ်ဂျီအသင်းမှာ ကျန်ရှိတော့တာပါ။
ဘက်ခမ်းဟာ ကျောနံပါတ် ၃၂ ရိုက်နှိပ်ထားတဲ့ ဘက်ခမ်းအမည်ပါ ဂျာစီနဲ့အတူ နောက်ခံလူ မာကွင်ဟိုနဲ့လည်း အတူဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။
ဘက်ခမ်းဟာ ၂၀၁၃ ခုနှစ်က ပီအက်စ်ဂျီအသင်းမှာ ၅ လစာချုပ်နဲ့ စုစုပေါင်း ၁၄ ပွဲကစားခဲ့ပြီး ပြင်သစ်လိဂ်ချန်ပီယံရယူနိုင်ခဲ့ပါတယ်။
မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်း ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်းဟာ နာမည်ကျော် PSG တိုက်စစ်မှူး မက်ဆီကို အမေရိကဆီခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်း ဥက္ကဋ္ဌ ဖြစ်သူဂျော့ချ်မက်စ်ကအတည်ပြုပြောကြားခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ ၂၀၂၃ မှာ PSG အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး PSG အသင်းဘက်က စာချုပ်သစ်ချုပ်ဆိုလိုနေပမဲ့လည်း သူကတော့ အနာဂတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှ ဆုံးဖြတ်မှာဖြစ်ကြောင်း ပြောထားပါတယ်။
အခုအခါ အင်တာမိုင်ယာမီဥက္ကဋ္ဌ ဂျော့ချ်မက်စ်က ဘက်ခမ်းနဲ့သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားကို အသင်းဆီခေါ်ယူလိုကြောင်းနဲ့ မက်ဆီမှာ မေဂျာလိဂ်ကို တိုးတက်စေမယ့်သူဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။