ရုရှားကျောထောက်နောက်ခံပြု ကိုယ်ပိုင်နိုင်ငံတော်လို့ ကြေညာထားတဲ့ ဒွန်းနက်စ် ပြည်သူ့သမ္မတနိုင်ငံ (ဒီပီအာရ်) ရဲ့ မြို့တော်မှာ ဇူလိုင် ၁၂ ရက်က အမြောက်ပစ်ခတ် တိုက်ခိုက်တာကြောင့် လူတယောက်သေဆုံးပြီး တခြားတယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
ခဲယမ်းသိုလှောင်ရုံကို ယူကရိန်းစစ်တပ်က ပစ်ခတ်တာဖြစ်ကြောင်း ဒွန်းနက်စ်ဒေသရဲ့ မြို့တော် ပက်ထရော့ဗ်စကီး ဒေသခံတွေက ပြောပါတယ်။
“သူတို့ အမြောက်တွေ ဘယ်လောက်တောင်ပစ်လဲဆိုတာ မသိပေမဲ့ လက်နက်တိုက် မပေါက်ကွဲခင် အများကြီးကျခဲ့တာ” လို့ အဝေးမှ ပေါက်ကွဲသံတွေ ထွက်လာတဲ့ကြားက ဒေသခံ ဂျူလီယာ ဂိုလိုစကို ကိုဗာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
“သူတို့က ဒီနေရာကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်တာဖြစ်ပြီး သူတို့လိုချင်တဲ့ ပစ်မှတ်တွေကို ထိမိတယ်လို့ ထင်ကြောင်း” သူက ဆိုပါတယ်။
ဇူလိုင် ၁၂ ရက်က မြို့တော်ကို ပစ်ခတ်နေချိန်မှာ ခွဲထွက်သမ္မတနိုင်ငံဟာ မော်စကိုမှာ သံရုံးဖွင့်လှစ်ခဲ့ပါတယ်။ မော်စကိုမြို့ Garden Ring လမ်းကြောင်းအနီးရှိ အဆောက်အအုံတခုမှာ သံရုံးဖွင့်လှစ်မှုဟာ ရုရှားအစိုးရ အကြီးတန်းပုဂ္ဂိုလ်တွေ မပါတဲ့ အနိမ့်စားအရေးကိစ္စတခုလို့ ဆိုပါတယ်။
ယူကရိန်းအရှေ့ပိုင်းမှာ လက်ရှိတိုက်ပွဲတွေရဲ့ အဓိက အာရုံစိုက်နေရတဲ့ ဆိုးရွားတဲ့ အခြေအနေတွေကြောင့် ဒီပီအာရ် အရာရှိတွေရဲ့ အခမ်းအနာကျင်းပမယ့် အစီအစဉ်တွေကို ဆိုင်းငံ့ထားပါတယ်။
အခုချိန်အထိ ရုရှားနဲ့ ဆီးရီးယားကပဲ ဒီပီအာရ်ကို သီးခြားလွတ်လပ်တဲ့နိုင်ငံအဖြစ် အသိအမှတ် ပြုထားပါတယ်။
ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ရုရှားတွေ အများစုသိမ်းပိုက်ထားတဲ့ စစ်မြေပြင် မြို့ဖြစ်နေတဲ့ ဆီဗီယာရို ဒွန်နက်စ်ခ်မြို့ကနေ ဆုတ်ခွာရလိမ့်မယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဇွန် ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်ဝင်ရောက်မှု တစ်ခုလုံးရဲ့ အပြင်းထန်ဆုံးတိုက်ပွဲတချို့ဟာ ဆီဗီယာရို ဒွန်နက်စ်ခ်မြို့မှာ တလကြာလောက် ဖြစ်ပွားခဲ့ပြီး ရုရှားစစ်တပ်က တလမ်းပြီးတလမ်း တဖြည်းဖြည်းနဲ့ မြေပြင်ကို စိုးမိုးလာခဲ့တာ ဖြစ်ပါတယ်။
လပေါင်းများစွာ အပိုင်းပိုင်းပြိုကျနေတဲ့နေရာတွေမှာ နေရစ်တာတွေက နေချင်စိတ်လေး သက်သက်နဲ့ ဆက်ရှိနေတာက အဓိပ္ပါယ်မရှိဘူးလို့ အုပ်ချုပ်ရေးမှူး Serhiy Gaidai က ရုပ်မြင်သံကြားမှာ ပြောပါတယ်။
မြို့တွင်းရှိ တပ်ဖွဲ့တွေဟာ နေရာသစ်တွေကို ပြောင်းရွှေ့ဖို့အမိန့်ကို ရရှိထားပြီးပြီ လို့ သူက ပြောပါတယ်။
ဒါပေမဲ့ သူတို့ ပြောင်းပြီး မပြီး ဒါမှမဟုတ် ဘယ်ကိုသွားမယ်ဆိုတာ တိတိကျကျ မပြောခဲ့ပါဘူး။
ဒီမြို့တိုက်ပွဲဟာ ရုရှားအတွက် နောက်ဆုံးလက်ကျန် ယူကရိန်းပိုင် လူဟန့်စ်ခ်ဒေသကို ထိန်းချုပ်နိုင်ရေးအတွက် အဓိကသော့ချက်ဖြစ်ပါတယ်။
ဆီဗီယာရို ဒွန်နက်စ်ခ်မြို့သာ ကျသွားခဲ့ရင် လီစီချန်စ်ခ်မြို့သာ ယူကရိန်းလက်ထဲမှာ ကျန်ခဲ့မှာပါ။
လူဟန့်စ်ခ်ဒေသဟာ ဒွန်ဘက်စ်ဒေသကို ဖွဲ့စည်းထားတဲ့ နယ်မြေ နှစ်ခု ထဲက တခုဖြစ်ပြီး ရုရှားနဲ့ ယူကရိန်းအရှေ့ဘက်က ခွဲထွက်ရေး မဟာမိတ်တွေက စစ်ပွဲရည်မှန်းချက်တစ်ခုအဖြစ် အပြည့်အဝ သိမ်းပိုက်ဖို့ရည်ရွယ်ထားတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။
ဒွန်ဘက်စ်ရဲ့ ကံကြမ္မာကို အဲဒီမှာ ဆုံးဖြတ်နေပါတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက မကြာသေးခင်ကပဲ ဆီဗီယာရို ဒွန်နက်စ်ခ် ကနေ ပြောကြားထားပါတယ်။