ဒွန်းနက်စ်မြို့တော်ရှိ ခဲယမ်းသိုလှောင်ရုံကို ယူကရိန်းစစ်တပ် ပစ်ခတ်

ရုရှားကျောထောက်နောက်ခံပြု ကိုယ်ပိုင်နိုင်ငံတော်လို့ ကြေညာထားတဲ့ ဒွန်းနက်စ် ပြည်သူ့သမ္မတနိုင်ငံ (ဒီပီအာရ်) ရဲ့ မြို့တော်မှာ ဇူလိုင် ၁၂ ရက်က အမြောက်ပစ်ခတ် တိုက်ခိုက်တာကြောင့် လူတယောက်သေဆုံးပြီး တခြားတယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
ခဲယမ်းသိုလှောင်ရုံကို ယူကရိန်းစစ်တပ်က ပစ်ခတ်တာဖြစ်ကြောင်း ဒွန်းနက်စ်ဒေသရဲ့ မြို့တော် ပက်ထရော့ဗ်စကီး ဒေသခံတွေက ပြောပါတယ်။
“သူတို့ အမြောက်တွေ ဘယ်လောက်တောင်ပစ်လဲဆိုတာ မသိပေမဲ့ လက်နက်တိုက် မပေါက်ကွဲခင် အများကြီးကျခဲ့တာ” လို့ အဝေးမှ ပေါက်ကွဲသံတွေ ထွက်လာတဲ့ကြားက ဒေသခံ ဂျူလီယာ ဂိုလိုစကို ကိုဗာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
“သူတို့က ဒီနေရာကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်တာဖြစ်ပြီး သူတို့လိုချင်တဲ့ ပစ်မှတ်တွေကို ထိမိတယ်လို့ ထင်ကြောင်း” သူက ဆိုပါတယ်။
ဇူလိုင် ၁၂ ရက်က မြို့တော်ကို ပစ်ခတ်နေချိန်မှာ ခွဲထွက်သမ္မတနိုင်ငံဟာ မော်စကိုမှာ သံရုံးဖွင့်လှစ်ခဲ့ပါတယ်။ မော်စကိုမြို့ Garden Ring လမ်းကြောင်းအနီးရှိ အဆောက်အအုံတခုမှာ သံရုံးဖွင့်လှစ်မှုဟာ ရုရှားအစိုးရ အကြီးတန်းပုဂ္ဂိုလ်တွေ မပါတဲ့ အနိမ့်စားအရေးကိစ္စတခုလို့ ဆိုပါတယ်။
ယူကရိန်းအရှေ့ပိုင်းမှာ လက်ရှိတိုက်ပွဲတွေရဲ့ အဓိက အာရုံစိုက်နေရတဲ့ ဆိုးရွားတဲ့ အခြေအနေတွေကြောင့် ဒီပီအာရ် အရာရှိတွေရဲ့ အခမ်းအနာကျင်းပမယ့် အစီအစဉ်တွေကို ဆိုင်းငံ့ထားပါတယ်။
အခုချိန်အထိ ရုရှားနဲ့ ဆီးရီးယားကပဲ ဒီပီအာရ်ကို သီးခြားလွတ်လပ်တဲ့နိုင်ငံအဖြစ် အသိအမှတ် ပြုထားပါတယ်။