စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အန်အယ်လ်ဒီ လွှတ်တော်အမတ်ကို ဖမ်းမမိတဲ့အတွက် ဇနီးနဲ့ သမီးဖြစ်သူတို့ကို စစ်ကောင်စီက ဓားစာခံအဖြစ်ဖမ်းဆီးပြီး မတ်လ ၂၁ ရက်မှာ စစ်ခုံရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ လွှတ်တော်အမတ် အသိုက်အဝန်းနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေထံက သိရပါတယ်။
ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်ရဲ့ ဇနီး ဒေါ်ခင်သန်းနု (ခ) ဒေါ်နီလာနဲ့ သမီးဖြစ်သူ ဒေါ်အိနန္ဒာအောင်တို့ နှစ်ဦးကို ခင်ဦးစစ်ခုံရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က(ဂ) နဲ့ တရားစွဲပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒေါက်တာဝင်းအောင်ကို စစ်ကောင်စီက ဖမ်းမမိတဲ့အတွက် သူ့ရဲ့ဇနီးနဲ့ သမီးတို့ကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ခင်ဦးမြို့ရှိ ဂန္ထဝင်တောက်ကြီး လက်ဖက်ရည်ဆိုင်အနီးမှာ စစ်တပ်က ဖမ်းဆီးသွားတာလို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးက ပြောပါတယ်။
“စစ်ကောင်စီလုပ်ရပ်တွေကို ဘာမှပြောချင်စိတ်တောင် မရှိတော့ဘူး။ စစ်ကောင်စီကတော့ အလုံးစုံ တရားလက်လွတ်စပယ် လုပ်နေတယ်ဆိုတာလည်း မင်းတို့တတွေလည်း အသိဆုံးပဲ။ သူတို့ကို တော်လှန်ခြင်း၊ မတော်လှန်ခြင်း ဆိုတာထက် အခုလို နိုင်ငံရေးလုပ်တဲ့ မိသားစုဝင်တွေမှ မဟုတ်ဘူး၊ အရင်က အသိမိတ်ဆွေတွေကိုတောင် ပုဒ်မအမျိုးမျိုးတပ် မတရားဖမ်းဆီး ထောင်ချနေတဲ့ စစ်ကောင်စီတွေပဲလေ။ မတရားဆောင်ရွက်တာ၊ မတရား လူ့အခွင့်အရေးချိုးဖောက်တာ၊ ဥပဒေနဲ့ မသက်ဆိုင်တဲ့သူတွေကိုလည်း ထင်သလို လုပ်နေတာလို့ပဲ ပြောရတော့မယ်။”
ဒေါက်တာဝင်းအောင်ရဲ့ ဇနီးနဲ့ သမီးတို့ကို ထောင်ဒဏ်ချပြီးနောက် ရွှေဘိုအကျဉ်းထောင်ကို ပို့လိုက်ပြီလို့ ဒေသခံ တက်ကြွလှုပ်ရှားတဲ့ လူငယ်တဦးက ပြောပါတယ်။
“စစ်ကောင်စီက သူတို့ကို ယောကျ်ားပုန်ကန်ရင်လည်း မိန်းမ၊ သားသမီး၊ ဆွေမျိုးအသိုက်အဝန်းပါ အခုလို သူတို့ထင်သလို ဖမ်းလို့ရတယ်။ အဲလို ပြည်သူကို Message ပေးပြီး အကြောက်တရား သွင်းတာပဲဗျ။ သူတို့ အကြောက်တရားသွင်းတိုင်း ကျနော်တို့ ခင်ဦးဒေသခံတွေကျတာ့ ဖြစ်လာမယ်မဟုတ်ဘူး။ တက်ကျိုးရင် လက်နဲ့လှော်မယ်။ ဒီစစ်အာဏာရှင်ကို အဆုံးအထိ တော်လှန်နေကြဦးမယ်။”
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ ခင်ဦးဒေသခံ အပြစ်မဲ့ပြည်သူ ၁၅၀ လောက်ကို ဖမ်းဆီးခဲ့ပြီး တချို့ကိုတော့ ပြန်လွှတ်တာတွေ ရှိတယ်လို့လည်း ဒေသခံက ပြောပါတယ်။
ဒေါက်တာဝင်းအောင်ဟာ ၁၉၈၂ ခုနှစ်မှာ မန္တလေးဆေးတက္ကသိုလ်ကနေ ဆေးပညာဘွဲ့ ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ ခင်ဦးမြို့နယ် မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါက်တာဝင်းအောင်ဟာ မိသားစုကိုစွန့်ခွာပြီး လွတ်မြောက်နယ်မြေမှာ ထွက်ပြေးတိမ်းရှောင်နေရချိန်မှာ စစ်ကောင်စီက အခုလို မိသားစုဝင်တွေကို ဓားစာခံအဖြစ် မတရားဖမ်းဆီးပြီး ထောင်ချခဲ့တာဖြစ်ပါတယ်။
ကိုလံဘီယာနိုင်ငံ၊ ကားကူတာပြည်နယ်မှာ မတ်လ ၂ ရက်က အကြမ်းဖက် ဆန္ဒပြမှုတွေအတွင်း ရဲအရာရှိတဦးနဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး အရာရှိ ၇၉ ဦးနဲ့ ရေနံမြေလုပ်သား ၉ ဦးကို ကျေးလက်လူထုက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ် လို့ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူ တဦးက ပြောပါတယ်။
ကိုလံဘီယာနိုင်ငံတောင်ပိုင်း စန်ဗင်းဆင့်တေး ဒလ်ကာဂွမ် ပြည်နယ်က ကျေးလက်ဒေသမှာ အကြမ်းဖက်မှုဖြစ်ပွားခဲ့တာပါ။
တရုတ်အစိုးရရဲ့ Emerald Energy ကုမ္ပဏီပိုင် ရေနံမြေမှာ တိုက်ခိုက်ခံရတာဖြစ်ပြီး ဆန္ဒပြသူတွေက ရေနံမြေကို မီး စရှို့ခဲ့ကြောင်း ကိုလံဘီယာ အမျိုးသားရဲတပ်ဖွဲ့က ပြောပါတယ်။
စုံစမ်းရေးရုံးကနေ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့နဲ့ ဒီထက်မက အကြမ်းဖက်တဲ့လုပ်ရပ်တွေကို တားဆီးဖို့အတွက် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ကမ်းလှမ်းထားကြောင်း စုံစမ်းရေးမှူး ကားလော့စ် ကမာဂိုက ပြောကြားပါတယ်။
ဆန္ဒပြပွဲအတွင်း ရဲအရာရှိနဲ့ အရပ်သားတို့ဟာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တွေက ပြောကြားပါတယ်။
၂၀၁၆ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ငြင်းပယ်တဲ့ FARC အတိုက်အခံတွေဟာ ဒေသတွင်းမှာ ရှိနေကြပြီး အခုမငြိမ်သက်မှုတွေမှာ ပါဝင်နိုင်ကြောင်းလည်း ဆိုပါတယ်။
ကျေးလက်နဲ့ ဌာနေတိုင်းရင်းသား အသိုင်းအဝိုင်းတွေဟာ တရုတ်အစိုးရပိုင် Sinochem ကုမ္ပဏီရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Emerald Energy ရေနံမြေကုမ္ပဏီကို အဝင်အထွက် ပိတ်ထားလိုက်ပြီး ဒေသတွင်းက လမ်းတွေ ပြုပြင်ရာမှာ ကူညီပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
လူမှုအသိုင်းအဝိုင်းတွေဟာ လမ်းတွေနဲ့ ကျောင်းတွေ အပါအဝင် အခြေခံအဆောက်အအုံတွေ တည်ဆောက်ပေးဖို့ ကုမ္ပဏီတွေကို တွန်းအားပေးကြတာကြောင့် ကိုလံဘီယာမှာ ရေနံနဲ့ သတ္တုတူးဖော်ရေး ပရောဂျက်တွေနဲ့ နီးစပ်တဲ့နေရာတွေမှာ ဆန္ဒပြမှုတွေ ပုံမှန်ရှိနေပါတယ်။
Emerald Energy ကုမ္ပဏီကို မှတ်ချက်ပေးဖို့ ရိုက်တာက ဆက်သွယ်လို့ မရသေးပါဘူး။
ကိုလံဘီယာသမ္မတ ဂူစတာဗို ပေထရိုဟာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့အတွက် ကိုလံဘီယာ ကာကွယ်ရေးနဲ့ပြည်ထဲရေး ဝန်ကြီးဌာနတွေမှ ပူးတွဲကော်မရှင်အပြင် လက်နက်ကိုင် တပ်ဖွဲ့တွေကိုပါ ဒေသတွင်းကို စေလွှတ်မှာဖြစ်တယ်လို့ တွစ်တာမှာ ပြောပါတယ်။