စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာသားတစ်ယောက်ဖြစ်တဲ့ ကိုဝင်းကျော်ဟာ ဇူလိုင် ၁၀ ရက် ညနေ ၃ နာရီမှာ ဓားနဲ့ ခုတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားပါတယ်။
သေဆုံးသွားတဲ့ ကိုဝင်းကျော်ဟာ ရွာထဲမှာ ပြည်သူတွေကို နှစ်ရက်တိုင်တိုင်လိုက်လံ ဆဲဆိုနေခဲ့ကာ အရက်မူးစိန်ခေါ်တာကြောင့် အခုတ်ခံလိုက်ရတာလို့ ရွာသားတစ်ဦးက ပြောပါတယ်။
''မင်းတို့ခေတ်မဟုတ်ဘူး။ ငါတို့အဘတွေ ခေတ်ရောက်နေပြီ မင်းတို့. ပါတီ ဘာတတ်နိုင် သေးလဲလို့ မခံနိုင်အောင် မနက် ၁၀ နာရီတည်းက ဆဲဆိုနေတာ၊ ရွာက လူငယ်တွေက ပြန်ပြောရာကနေ ကိုဝင်းကျော်က ဓားရှည်နဲ့ စခုတ်တာကြောင့် ပြန်ခုတ်လိုက်တာကနေ လည်ပင်း ပြတ်ပြီး သေဆုံးသွားတာ။”
ကိုဝင်းကျော်ဟာ ရွာမှာ ဒလန်လို့ လူအများသတ်မှတ်ခံထားရသူဖြစ်ပြီး ခင်ဦးမြို့ ပျူစောထီးအဖွဲ့ဝင်ဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။
ကိုဝင်းကျော် သေဆုံးပြီးနောက် သူ့ရဲ့ ယောက္ခမ ကြံ့ခိုင်ရေးပါတီဝင် ဦးမျိုးလင်းက စစ်တပ်ကို ချက်ချင်းဖုန်းဆက်လိုက်တာကြောင့် စစ်ကား ၃ စီး ရောက်လာပြီး ရွာမှာ သေနတ်ဖောက် လိုက်ဖမ်းရာ လူငယ်တွေ ထွက်ပြေးနေရပါတယ်။
"ယောက္ခမဖြစ်သူ ဦးမျိုးလင်းဟာ ၂၀၁၂ ခုနှစ်တုန်းက အုပ်ချုပ်ရေးမှူးဖြစ်ပြီး ဆန္ဒပြတဲ့ အချိန်ကတည်းက ဒလန်လုပ်နေခဲ့တာ။ အခု သူပြန်လာလို့ သားမက်ဖြစ်သူက အားတက်ပြီး စိန်ခေါ်ရဲတာ''လို့ ရွာသားတစ်ဦးက ပြောပါတယ်။
လက်ရှိ ခင်ဦးမြို့မှာ ၉ ယောက်မြောက်အထိ အသတ်ခံထားရပြီလည်း သိရပါတယ်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ဇွန် ၁၆ ရက် မနက်ပိုင်းက ဒေါင့်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းဝင်း အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူက ဒေါင့်ကြီး ကျေးရွာအုပ်ချုပ်ရေးအဟောင်း ဦးသိန်းစိန်လက်ထက်ကပါ။ အာဏာသိမ်း စစ်ကောင်စီကို သတင်းတွေပေးတယ်။ ဒီမနက် ဓားနဲ့ ဝင်ခုတ်သတ်သွားတယ်။ ဘယ်သူဝင်ခုတ်လဲ မသိပါဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးပြီး မကြာခင်မှာ ရွာကို ရဲတွေနဲ့ စစ်ကားတွေရောက်လာခဲ့ပါတယ်။ တန့်ဆည်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ကလည်း ရွာမုံတောင်ကျေးရွာနေ သတင်းပေးဒလန် ဦးကျော်လွင် သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးခဲ့ပါတယ်။