စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် မင်းလှကျေးရွာမှာ အောက်တိုဘာ ၆ ရက် မနက် ၅ နာရီလောက်က အမျိုးသမီးတယောက် မိုင်းနင်းမိပြီး သေဆုံးသွားပါတယ်။
အဲ့ဒီနင်းမိုင်းဟာ ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်က မင်းလှကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးစဉ် မီးဖိုချောင်အတွင်း ထောင်သွားခဲ့တဲ့မိုင်းဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “စစ်ကောင်စီတပ်ဖွဲ့ ရွာကို စစ်ကြောင်းဝင်လာတုန်းက ကျနော်တို့ ရွာထဲမှာရှိတဲ့လူတွေ ပြေးကြတဲ့အချိန် ထောင်ထားခဲ့တဲ့ နင်းမိုင်းပါ။ ကံဆိုးချင်တော့ ဒီနေ့မှ သွားနင်းမိတာ။ သေဆုံးသူက မနက် ချက်ပြုတ်လုပ်ကိုင်နေရင်း နင်းမိတာပါ။ ဒေသခံတွေလည်း ရွာထဲ သွားရလာရတာတင်မကဘူး၊ ကိုယ့်အိမ်ထဲ ကိုယ်နေရတာတောင် စိုးရိမ်နေကြရပြီ” လို့ ပြောပါတယ်။
သေဆုံးသွားသူဟာ အသက် ၆၀ အရွယ် ဒေါ်တင်စန်း ဆိုသူဖြစ်တယ်လို့ သိရပြီး မိုင်းနင်းမိပြီး နေရာမှာတင် သေဆုံးခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်ကလည်း မြောင်မြို့နယ် ဆင်လှောင်ကျေးရွာက စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံလေ့ရှိတဲ့ ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်ဖွဲ့က နင်းမိုင်း ၃ လုံး ထောင်သွားတဲ့အတွက် ဒေသကာကွယ်ရေးအဖွဲ့က သွားရောက် ရှင်းလင်းပေးခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနားမှာ စစ်တပ်က ထောင်ထားတဲ့ နင်းမိုင်းအများအပြား သြဂုတ် ၁၈ ရက်မှာ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တပ်ခွဲ Myanmar ချီဂွေဗားရားတပ်ဖွဲ့က ဖော်ထုတ်သိမ်းဆည်း ရမိခဲ့ပါတယ်။
ဖော်ထုတ်သိမ်းဆည်းရမိခဲ့တဲ့ နင်းမိုင်းအလုံးရေ ၇၈ လုံးအထိရှိပြီး ကျန်ရှိနေတဲ့ နင်းမိုင်းတွေကို ဆက်လက်ဖော်ထုတ်ဖို့ ကြိုးစားနေတယ်လို့ Myanmar ချီဂွေဗားရားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“စစ်တပ်က နင်းမိုင်းတွေကို ကြေးနီစီမံကိန်း ပတ်ချာလည်မှာ ထောင်ထားတယ်။ ပြီးရင် ဒေသခံတွေရဲ့ တောင်ယာလယ်ကွင်းတွေထဲမှာလည်း ထောင်တယ်။ အခုသိမ်းဆည်းရမိခဲ့တဲ့ နင်းမိုင်းတွေက စီမံကိန်းထဲကို သွယ်တန်းထားတဲ့ မီးတိုင်တွေရဲ့အောက်ကနေ ရခဲ့တယ်။ မြေကြီးထဲမှာ မြှုပ်နှံထားတယ်။ အန္တရာယ်မဖြစ်အောင် ကြိုးကြိုးစားစားနဲ့ မိုင်းတွေ ဖော်ထုတ်ခဲ့ရတာ။”
နင်းမိုင်းတွေ ဖော်ထုတ်သိမ်းဆည်းရရှိခဲ့မှုမှာ Myanmar ချီဂွေဗားရားတပ်ဖွဲ့ဝင်တွေ ထိခိုက် ဒဏ်ရာရရှိတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဖော်ထုတ်သိမ်းဆည်းရရှိခဲ့တဲ့ နင်းမိုင်းတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်လည် တိုက်ခိုက်ရာမှ အသုံးပြုသွားမယ်လို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။