close

လက်ပံတောင်းကြေးနီစီမံကိန်းအနီး စစ်တပ်ထောင်ထားသည့် နင်းမိုင်း ၈၀ ခန့် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနားမှာ စစ်တပ်က  ထောင်ထားတဲ့ နင်းမိုင်းအများအပြား သြဂုတ် ၁၈ ရက်မှာ ​မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တပ်ခွဲ Myanmar ချီဂွေဗားရားတပ်ဖွဲ့က ဖော်ထုတ်သိမ်းဆည်း ရမိခဲ့ပါတယ်။

ဖော်ထုတ်သိမ်းဆည်းရမိခဲ့တဲ့ နင်းမိုင်းအလုံးရေ ၇၈ လုံးအထိရှိပြီး ကျန်ရှိနေတဲ့ နင်းမိုင်းတွေကို ဆက်လက်ဖော်ထုတ်ဖို့ ကြိုးစားနေတယ်လို့ Myanmar ချီဂွေဗားရားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“စစ်တပ်က နင်းမိုင်းတွေကို ကြေးနီစီမံကိန်း ပတ်ချာလည်မှာ ထောင်ထားတယ်။ ပြီးရင် ဒေသခံတွေရဲ့ တောင်ယာလယ်ကွင်းတွေထဲမှာလည်း ထောင်တယ်။ အခုသိမ်းဆည်းရမိခဲ့တဲ့ နင်းမိုင်းတွေက စီမံကိန်းထဲကို သွယ်တန်းထားတဲ့ မီးတိုင်တွေရဲ့အောက်ကနေ ရခဲ့တယ်။ မြေကြီးထဲမှာ မြှုပ်နှံထားတယ်။ အန္တရာယ်မဖြစ်အောင် ကြိုးကြိုးစားစားနဲ့ မိုင်းတွေ ဖော်ထုတ်ခဲ့ရတာ။” 

နင်းမိုင်းတွေ ဖော်ထုတ်သိမ်းဆည်းရရှိခဲ့မှုမှာ Myanmar ချီဂွေဗားရားတပ်ဖွဲ့ဝင်တွေ ထိခိုက် ဒဏ်ရာရရှိတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဖော်ထုတ်သိမ်းဆည်းရရှိခဲ့တဲ့ နင်းမိုင်းတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်လည် တိုက်ခိုက်ရာမှ အသုံးပြုသွားမယ်လို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

//
Up