အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေက မဂ္ဂဇင်းစာရေးဆရာ အီးဂျင်းကယ်ရိုးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး လိမ်လည်သူလို့ နာမည်တပ်ရင်း အသရေဖျက်ခဲ့တယ်လို့ တရားသူကြီးတွေက မေ ၉ ရက်မှာ ဆုံးဖြတ်ခဲ့ပြီး နစ်နာကြေး ဒေါ်လာ ၅ သန်း ချီးမြှင့်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာ သမ္မတရာထူးကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးပမ်းနေတဲ့ အမေရိကန်သမ္မတဟောင်းဟာ အယူခံဝင်မယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဗင်ချောင်က ပြောပါတယ်။
အမှုကို အယူခံဝင်နေသရွေ့ နစ်နာကြေးကို ထရမ့်ပ်က ပေးဆောင်ရမှာ မဟုတ်ပါဘူး။ ၁၉၉၅ - ၁၉၉၆ ခုနှစ်က မန်ဟက်တန်ရပ်ကွက်မှာရှိတဲ့ ဘာ့ဂ်ဒေါ့ဖ် ဂွဒ်မဲန်း စတိုးဆိုင် အဝတ်လဲခန်းမှာ ထရမ့်ပ်က သူ့ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ အရပ်ဘက် တရားခွင်မှာ အသက် ၇၉ နှစ်အရွယ် ကယ်ရိုးက ထွက်ဆိုခဲ့တာပါ။
ကယ်ရိုးရဲ့ အခိုင်အမာပြောဆိုချက်ဟာ လုံးဝ ကလိမ်ကျတဲ့လုပ်ရပ်၊ အလိမ်အညာနဲ့ လှည့်ဖြားမှုလို့ Truth Social platform မှာ ၂၀၂၂ ခုနှစ် အောက်တိုဘာလက ရေးသားခဲ့ပြီး ကယ်ရိုးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့ပါတယ်။ စီရင်ချက်ကို ဖတ်ကြားချိန်မှာ ကယ်ရိုးက သူ့ရဲ့ရှေ့နေတွေနဲ့ လက်ချင်းချိတ်ထားခဲ့ပါတယ်။
မန်ဟက်တန်မှာရှိတဲ့ ဖက်ဒရယ်တရားရုံးက အဖွဲ့ဝင်ကိုးဦးပါတဲ့ ခုံသမာဓိအဖွဲ့ဟာ ကယ်ရိုးကို ပြင်းထန်ဆိုးရွားတဲ့ ထိခိုက်မှုအတွက် လျော်ကြေးငွေ ဒေါ်လာ ၅ သန်း ချီးမြှင့်ခဲ့ပါတယ်။
လိင်ပိုင်းစော်ကားမှုတွေ့ရှိချက်ဟာ ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုအတွက် သက်သေအဖြစ် လုံလောက်ပေမဲ့ ထရမ့်ပ်က ကယ်ရိုးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ အချက်ကို ဂျူရီလူကြီးတွေက မတွေ့ခဲ့ပါဘူး။ ကယ်ရိုးကို စော်ကားတဲ့ကိစ္စ ထရမ့်ပ်ရဲ့ ငြင်းဆိုချက်ကို မပယ်ချမီ တရားသူကြီးတွေက အချိန် သုံးနာရီအောက်သာ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာပါ။
ထရမ့်ပ်ကို အပြစ်ရှိကြောင်း ဥပဒေအရ တွေ့ရှိဖို့ အမျိုးသားခြောက်ဦးနဲ့ အမျိုးသမီးသုံးဦးပါတဲ့ ခုံသမာဓိအဖွဲ့က တညီတညွတ်တည်း စီရင်ချက်ချခဲ့ပါတယ်။
ဧပြီ ၂၅ ရက်ကစခဲ့တဲ့ တရားခွင်တလျှောက်လုံးမှာ ထရမ့်ပ်က တက်ရောက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ သူ့ရဲ့ Truth Social platform မှာ ထရမ့်ပ်က ဒီစီရင်ချက်ဟာ “အမည်းစက်” လို့ ခေါ်လိုက်ပြီး “ဒီအမျိုးသမီးက ဘယ်သူလဲဆိုတာ ကျနော် လုံးဝမသိပါဘူး” လို့ ပြောခဲ့ပါတယ်။
၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ သမ္မတထရမ့်ပ်ဟာ ရီပတ်ဘလစ်ကန် သမ္မတလောင်းအဖြစ် သဘောထားစစ်တမ်းတွေမှာ ရှေ့ပြေးဖြစ်နေပြီး တခြားနိုင်ငံရေးသမားတွေကို နစ်မြုပ်သွားစေမယ့် အငြင်းပွားဖွယ်ရာ ကိစ္စတွေကို ကြံ့ကြံ့ခံ ဖြေရှင်းနိုင်စွမ်းရှိကြောင်း ပြသခဲ့ပါတယ်။
အမေရိကန် ဆေးဝါးကုမ္ပဏီကြီး Johnson and Johnson က သူ့ရဲ့ ကလေးပေါင်ဒါမှုန့်ဟာ ကင်ဆာဖြစ်စေတယ်လို့ စွပ်စွဲထားတဲ့ တရားစွဲမှုကို ဖြေရှင်းဖို့အတွက် နစ်နာကြေး ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ ပေးချေဖို့ သဘောတူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
နယူးဂျာစီအခြေစိုက် ဆေးဝါးကုမ္ပဏီဟာ ဒေဝါလီခံဖို့ ဒုတိယအကြိမ် လျှောက်ထားခဲ့ပြီးနောက် တရားရုံးက ပယ်ချခဲ့ပြီး သူတို့ရဲ့ ဆေးဘက်ဆိုင်ရာ ပြဿနာတွေကို ခံစားခဲ့ရတဲ့ နစ်နာကြေးတောင်းခံသူ ၁ သိန်းခန့်ကို ကျေအေးပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။
ကမ်းလှမ်းချက်ရဲ့ တစိတ်တပိုင်းအနေနဲ့ ကုမ္ပဏီဟာ ဘယ်လိုအမှားအယွင်းကိုမှ ဝန်မခံခဲ့ဘဲ သူတို့ရဲ့ ကလေးပေါင်ဒါမှုန့်ဟာ သုံးစွဲဖို့ ဘေးကင်းတယ်လို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။
အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေရဲ့ ဈေးဝယ်စင်တွေပေါ်ကနေ အဲ့ဒီပေါင်ဒါမှုန့်တွေကို ဖယ်ရှားခဲ့ကာ အခုနှစ်မှာ လုံးဝရပ်ဆိုင်းတော့မှာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်တွေက ထုတ်ကုန်တွေကို အသုံးပြုခဲ့တဲ့အတွက် နစ်နာသူတွေဟာ သားအိမ်ကင်ဆာနဲ့ Mesothelioma ကင်ဆာတွေကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
“ကုမ္ပဏီကတော့ ဒီစွပ်စွဲချက်တွေဟာ မှန်ကန်မှုမရှိဘဲ သိပ္ပံနည်းမကျဘူးလို့ ယုံကြည်နေတယ်” လို့ ကုမ္ပဏီရဲ့ ကမ္ဘာတဝန်း တရားစွဲဆိုမှုဆိုင်ရာ တာဝန်ရှိသူတဦးဖြစ်တဲ့ အဲရစ်ဟက်စ်က ထုတ်ပြန်ကြေညာပါတယ်။
ဧပြီ ၄ ရက်မှာ ကုမ္ပဏီက တရားစွဲဆိုထားတဲ့သူတွေကို ကျေအေးပေးဖို့ ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံနဲ့ ကမ်းလှမ်းခဲ့ပြီး နစ်နာသူ ၆၀,၀၀၀ ကျော်က ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြောင်း ကုမ္ပဏီက အစီရင်ခံခဲ့ပါတယ်။
J &J ကလေးပေါင်ဒါမှုန့် ထုတ်ကုန်တွေကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ပထမဆုံး ပြန်လည်သိမ်းဆည်းခဲ့ပါတယ်။