ဗြိတိန်ဟာ "တန်ပြန်-ဒရုန်းနည်းပညာ အသစ်တွေ”ကို ရန်ပုံငွေထောက်ပံ့နေပြီး "တဖက်စွန်းရောက် အကြောင်းအရာ"ကို နှိမ်နင်းဖို့ နည်းပညာကုမ္ပဏီကြီးတွေကို တွန်းအားပေးနေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလဲဗားလီးက အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။
စစ်သွေးကြွတွေရဲ့ လက်ထဲကနေ အသစ်ထွက်ပေါ်လာနေတဲ့ နည်းပညာတွေကို ထိန်းသိမ်းဖို့ တွန်းအားပေးမှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ နယူးဒေလီမှာ ပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အထူးအစည်းအဝေးမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။
ဗြိတိန်ဟာ ဒရုန်းတွေကို အလွဲသုံးစားလုပ်နေတဲ့ အကြမ်းဖက်သမားတွေကို ရပ်တန့်ဖို့ ပိုမိုလုပ်ဆောင်နေကြောင်းလည်း ကလီဗာလီက ပြောပါတယ်။
ဗြိတိန်ဟာ အွန်လိုင်းပေါ်ရှိ အစွန်းရောက်အကြောင်းအရာတွေကို ပိုပြီးပြင်းပြင်းထန်ထန် နှိမ်နင်းရေးအတွက် အင်တာနက်ကုမ္ပဏီကြီးတွေကို ဖိအားပေးဖို့ G7 နဲ့ Global Internet Forum တို့နဲ့အတူ လက်တွဲဆောင်ရွက်နေကြောင်း သူက ပြောပါတယ်။
ကလီဗာလီဟာ ကုလသမဂ္ဂအစည်းအဝေးကို တက်ရောက်ခဲ့တဲ့အပြင် အောက်တိုဘာ ၂၈ ရက် သောကြာနေ့က အိန္ဒိယနိုင်ငံကို ရောက်ရှိခဲ့ပြီး သံတမန်ဆက်ဆံရေး ခိုင်မာစေရေးအတွက် အိန္ဒိယသမ္မတနဲ့တွေ့ဆုံဖို့ရှိကြောင်း ဗြိတိန်နိုင်ငံခြားရေးဌာနကနေ သိရပါတယ်။
ဗြိတိန်အခြေစိုက် နည်းပညာကုမ္ပဏီ OneWeb က ကာဇက်စတန်နိုင်ငံ ဘိုင်ကွန်နာ အာကာသဆိပ်ကမ်းကနေ ဆက်သွယ်ရေးဂြိုဟ်တု ၃၆ လုံးကို ဒီဇင်ဘာ ၂၇ ရက်နေ့က လွှတ်တင်ခဲ့ပါတယ်။ တကမ္ဘာလုံး မြန်နှုန်းမြှင့် အင်တာနက် ရရှိဖို့အတွက် အဲဒီဂြိုဟ်တုတွေ လွှတ်တင်ခဲ့တာလို့ OneWeb ကုမ္ပဏီက ပြောပါတယ်။
အခုလွှတ်တင်မှုကို ဗြိတိသျှကုမ္ပဏီ၊ ပြင်သစ် အာကာသဝန်ဆောင်မှုကုမ္ပဏီ အာရီယန်စပေ့ (Arianespace) နဲ့ ရုရှား အာကာသအေဂျင်စီ ရိုကော့စ်မော့စ် (Roscosmos) တို့ ပူးပေါင်း ဆောင်ရွက်တာလို့ OneWeb ကုမ္ပဏီဝက်ဘ်ဆိုဒ်မှာ ကြေညာထားပါတယ်။
OneWeb ရဲ့ ဂြိုဟ်တုတွေရဲ့ အင်တာနက်အမြန်နှုန်းကို အပြည့်အဝချိတ်ဆက်နိုင်မယ့် ဒေသတွေက ဗြိတိန်၊ အမေရိကတိုက်၊ အလက်စကားပြည်နယ်၊ မြောက်ဥရောပ၊ အိုက်စလန်၊ ဂရင်းလန်း၊ အာတိတ်ပင်လယ်နဲ့ ကနေဒါ တို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း OneWeb ကုမ္ပဏီဟာ ဒေဝါလီခံမယ့်အခြေအနေထိ ဖြစ်ခဲ့ပြီး၊ ဗြိတိန်အစိုးရ၊ အိန္ဒိယ ဘာတီကုမ္ပဏီ (Bharti Enterprises) နဲ့ ဂျပန် (Softbank) တို့က ဝိုင်းကျားကန်ပြီး ငွေကြေးအကာအကွယ် ပေးခဲ့တာကြောင့် အခုဒီဇင်ဘာမှာ ဂြိုဟ်တုတွေ ပြန်လွှတ်တင်နိုင်တာပါ။ OneWeb ဟာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ရရှိခဲ့ပါတယ်။