အခုနှစ်ပရီးမီးယားလိဂ်မှာ အင်္ဂလန်ကစားသမားတွေကို ပွဲထွက်အသုံးပြုမှု ကျဆင်းလာခဲ့တာကို နည်းပြ ဆောက်ဂိတ်က စိုးရိမ်နေပါတယ်။
ပြီးခဲ့တဲ့နှစ်ပတ်အတွင်းမှာ ပရီးမီးယားလိဂ်အသင်းတွေရဲ့ ပွဲထွက်လူစာရင်းက ကစားသမားတွေအားလုံးရဲ့ ၂၈ ရာခိုင်နှုန်းပဲ အင်္ဂလန်ကစားသမား ပါဝင်ခဲ့တာပါ။
နည်းပြ ဆောက်ဂိတ် စတင်တာဝန်ယူခဲ့တဲ့ ၂၀၁၆ ခုနှစ်က အင်္ဂလန်ကစားသမားအသုံးပြုမူဟာ ၃၈ ရာခိုင်နှုန်းအထိရှိခဲ့ပြီး အဲဒီကနေ ၃၅၊ ၃၂ ရာခိုင်နူန်းအထိကျဆင်းလာခဲ့ပြီး လက်ရှိအချိန်မှာ ၂၈ ရာခိုင်နှုန်းသာအသုံးပြုတော့တာပါ။
အခုနှစ်ပရီးမီးယားလိဂ်မှာ အင်္ဂလန်ကစားသမား ၁၆၁ ဦး ပါဝင်ကစားနေပြီး ၂၂ဦးက တခြားထိပ်တန်းလိဂ်တွေမှာကစားနေကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ တခြားနိုင်ငံက ကစားသမား ရာခိုင်နှုန်းက ၈၀ ရာခိုင်နှုန်းအထိရှိခဲ့တာကိုလည်း နည်းပြဆောက်ဂိတ်က ထောက်ပြခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ ဘယ်အစွန်နောက်ခံလူနေရာကစားနေတဲ့ ဘယ်ခြေသန်ကစားသမားက ၄ ဦးသာရှိလို့ အနာဂတ်မှာတော့ ချန်ပီယံရှစ်နဲ့ တခြားလိဂ်တွေက အင်္ဂလန်ကစားသမားတွေကို ရှာဖွေရွေးချယ်ရတာမျိုးရှိလာနိုင်ကြောင်းလည်း အင်္ဂလန်နည်းပြဆောက်ဂိတ်က ပြောသွားပါတယ်။
အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ အသင်းကို ဆက်လက်တာဝန်ယူသွားမယ်လို့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက အတည်ပြုခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်ကို ၂ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ် ကနေထွက်ခဲ့ရတာပါ။
နည်းပြဆောက်ဂိတ်ဟာ ပြိုင်ပွဲကနေထွက်ခွါခဲ့ရအပြီးမှာ အားလပ်ရက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက် အက်ဖ်အေတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် လာမယ့် ယူရို၂၀၂၄ ပြိုင်ပွဲအထိ ဆက်ပြီးရှိနေမယ်လို့သိရပါတယ်။
နည်းပြချုပ် ဆောက်ဂိတ်နဲ့ လက်ထောက်နည်းပြ စတီဟိုလန်တို့ကို အပြည့်အဝ ထောက်ခံအားပေးပြီး ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် စတင်ပြင်ဆင်မှုတွေလုပ်ဆောင်မှာဖြစ်ကြောင်း အင်္ဂလန်အက်ဖ်အေရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားခဲ့ပါတယ်။
အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလား၊ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၀ ယူရိုပြိုင်ပွဲတွေကို တာဝန်ယူခဲ့ပြီး ၂၀၂၄ ပြိုင်ပွဲက စတုတ္ထမြောက် နိုင်ငံတကာ ပြိုင်ပွဲဖြစ်ပါတယ်။