အက်စတွန်ဗီလာအသင်းဟာ ဗီလာရီးရဲလ်နည်းပြအူနိုင်းအမ်မရီကို နည်းပြသစ် အဖြစ် ခေါ်ယူခန့်အပ်လိုက်ပါတယ်။
ဗီလာအသင်းဟာ နည်းပြစတီဗင်ဂျရတ်ကို ရာထူးကနေထုတ်ပယ်လိုက်ပြီးနောက် ယာယီနည်းပြ အာရွန်ဒမ့်ခ်က ကိုင်တွယ်နေပြီး ဖူဟမ်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
စပိန်နည်းပြအူနိုင်းအမ်မရီဟာ အခုနှစ်ရာသီအကုန်မှာ ဗီလာရီးရဲလ်နဲ့ စာချုပ် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဗီလာရဲ့ကမ်းလှမ်းချက်ကို လက်ခံခဲ့တာပါ။
သူဟာ အာဆင်နယ်ကို ၁၈ လကြာ တာဝန်ယူကိုင်တွယ်ခဲ့ဖူးသူဖြစ်လို့ ပရီးမီးယားလိဂ်နဲ့လည်း မစိမ်းသလို အာဆင်နယ်မတိုင်ခင်ကလည်း ပီအက်စ်ဂျီနဲ့ ဆီဗီလာအသင်းတွေကိုတာဝန်ယူခဲ့သူပါ။
ဗီလာအသင်းဘက်ကတော့ နည်းပြအမ်မရီဟာ ဆီဗီလာ၊ ပီအက်စ်ဂျီနဲ့ အာဆင်နယ် အသင်းတွေမှာ နည်းပြခဲ့ပြီး အတွေ့အကြုံရှိနည်းပြဖြစ်ကြောင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။ စနေနေ့မှာ ကစားမယ့် နယူးကာဆယ်နဲ့ အဝေးကွင်းပွဲစဉ်မှာ နည်းပြအမ်မရီအတွက် ဗီလာနည်းပြဘဝ ပထမဆုံးပွဲစဉ်ဖြစ် လာတော့မှာဖြစ်ပါတယ်။
လာမယ့်ရာသီမှာ စီရော်နယ်ဒို ဆက်ရှိ မရှိနဲ့ ပတ်သက်ပြီး နောက်လာမယ့်နည်းပြက ဆုံးဖြတ် ချက်ချသွားရမယ်လို့ နည်းပြ ရက်ဖ်ရန်းနစ်ခ်က ပြောပါတယ်။
စီရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ ၂ နှစ်စာချုပ်ထားပြီး နောက်ထပ်တစ်နှစ် စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ မနေ့က ကစားခဲ့တဲ့ နောဝှစ်ချ်စီးတီးနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။
ခြေစွမ်းကောင်းပြသနေပေမယ့် ရာသီအကုန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်မရခဲ့ဘူးဆိုရင် အသင်း ပြောင်းရွှေ့နိုင်တယ်လို့ ခန့်မှန်းသုံးသပ်မှုတွေရှိခဲ့တာပါ။
နည်းပြရန်းနစ်ခ်ကတော့ ရော်နယ်ဒိုရဲ့ အနာဂတ်ကို နောက်လာမယ့်နည်းပြကပဲ ဆုံးဖြတ်လိမ့်မယ်လို့ နောဝှစ်ချ်နဲ့ ပွဲအပြီးမှာ ပြောသွားပါတယ်။
“ဒီကိစ္စက ကျွန်တော် အပြီးသတ်ဆုံးဖြတ်ရမှာမဟုတ်ပါဘူး။ ခရစ္စတီယာနိုက နောက်ထပ် တနှစ်သက်တမ်းကျန်ပါသေးတယ်။ သူ့ရဲ့အနာဂတ်ကို နောက်လာမယ့် နည်းပြသစ်က အသင်းဘုတ်အဖွဲ့နဲ့ ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချရမှာဖြစ်တယ်” လို့ နည်းပြ ရန်းနစ်ခ်က ပြောပါတယ်။
မန်ယူအသင်းဟာ ရာသီကုန်ဆုံးချိန်မှာ ဟော်လန်ကလပ် အိုင်းယက်စ်နည်းပြ အဲရစ်တန်ဟတ်ချ်ကို ခေါ်ယူခန့်အပ်ဖို့ သဘောတူညီမှုရရှိထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။