ရော်နယ်ဒို၏အနာဂတ်ကို နည်းပြသစ်က ဆုံးဖြတ်မည်ဟု ရန်းနစ်ခ်ပြော

လာမယ့်ရာသီမှာ စီရော်နယ်ဒို ဆက်ရှိ မရှိနဲ့ ပတ်သက်ပြီး နောက်လာမယ့်နည်းပြက ဆုံးဖြတ် ချက်ချသွားရမယ်လို့ နည်းပြ ရက်ဖ်ရန်းနစ်ခ်က ပြောပါတယ်။
စီရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ ၂ နှစ်စာချုပ်ထားပြီး နောက်ထပ်တစ်နှစ် စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ မနေ့က ကစားခဲ့တဲ့ နောဝှစ်ချ်စီးတီးနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။
ခြေစွမ်းကောင်းပြသနေပေမယ့် ရာသီအကုန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်မရခဲ့ဘူးဆိုရင် အသင်း ပြောင်းရွှေ့နိုင်တယ်လို့ ခန့်မှန်းသုံးသပ်မှုတွေရှိခဲ့တာပါ။
နည်းပြရန်းနစ်ခ်ကတော့ ရော်နယ်ဒိုရဲ့ အနာဂတ်ကို နောက်လာမယ့်နည်းပြကပဲ ဆုံးဖြတ်လိမ့်မယ်လို့ နောဝှစ်ချ်နဲ့ ပွဲအပြီးမှာ ပြောသွားပါတယ်။
“ဒီကိစ္စက ကျွန်တော် အပြီးသတ်ဆုံးဖြတ်ရမှာမဟုတ်ပါဘူး။ ခရစ္စတီယာနိုက နောက်ထပ် တနှစ်သက်တမ်းကျန်ပါသေးတယ်။ သူ့ရဲ့အနာဂတ်ကို နောက်လာမယ့် နည်းပြသစ်က အသင်းဘုတ်အဖွဲ့နဲ့ ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချရမှာဖြစ်တယ်” လို့ နည်းပြ ရန်းနစ်ခ်က ပြောပါတယ်။
မန်ယူအသင်းဟာ ရာသီကုန်ဆုံးချိန်မှာ ဟော်လန်ကလပ် အိုင်းယက်စ်နည်းပြ အဲရစ်တန်ဟတ်ချ်ကို ခေါ်ယူခန့်အပ်ဖို့ သဘောတူညီမှုရရှိထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။