ရန်ကုန်မြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတယောက်ကို မှော်ဘီစစ်ကောင်စီတပ်က PDF ဆိုပြီး ဖမ်းခေါ်ပြီး တပ်ထဲမှာ စစ်ကြောရေးလုပ်ရင်း သေဆုံးသွားတာကြောင့် မိသားစုကို အလောင်းပြန်ပေးလိုက်တယ်လို့ နတ္တလင်းဒေသခံက ပြောပါတယ်။
သေဆုံးသွားသူဟာ ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ တာပွန်မြို့၊ စိန်တန်းရပ်ကွက်နေ ကိုဖိုးဇော်ထွန်း (အသက် ၂၈ နှစ်) ဖြစ်ပြီး မိဘတွေနဲ့ အတူနေထိုင်တယ်လို့ ဆိုပါတယ်။
သေဆုံးသူနဲ့နီးစပ်တဲ့ ဒေသခံတယောက်က “မိန်းမနဲ့ သားတယောက်ရှိပါတယ်။ သူတို့လင်မယားက လွန်ခဲ့တဲ့ ၃ နှစ်ခန့်ကတည်း ကွဲသွားကြပြီး သူ့မိန်းမက ရန်ကုန်က မှော်ဘီ စစ်တပ်ထဲက သူ့မိဘတွေအိမ်မှာ ပြန်နေနေပါတယ်။ အဲ့ဒါ နောက်ပိုင်းမှာ မကြာခဏ မောင်ဖိုးဇော်ထွန်းက သူ့သားလေးကို တွေ့ချင်တော့ မိန်းမရှိတဲ့ မှော်ဘီ စစ်တပ်ထဲကို သွားတွေ့လေ့ရှိပါတယ်။ အဲဒါပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့ညက သူ့ကလေးကိုတွေ့ဖို့ စစ်တပ်နားကိုအရောက် စစ်တပ်က PDF ဆိုပြီး ဖမ်းလိုက်ပြီး ရိုက်နှက်စစ်ဆေးရာမှ လက်လွန်ပြီး သေဆုံးသွားတာ”လို့ ပြောပါတယ်။
သေဆုံးပြီး နောက်နေ့ အိမ်ကို လှမ်းအကြောင်းကြားလို့ အိမ်က အလောင်းသွားထုတ်တော့ အလောင်းဟာ မြင်မကောင်းလောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတယ်လို့ တာပွန်မြို့နေသူက ပြောပါတယ်။
“နားထင် နှစ်ဖက်စလုံးလည်းချိုင့်၊ ဇက်လည်းကျိုး၊ ခေါင်းလည်း ချုပ်ရိုးတွေနဲ့ ဗိုက်လည်း ဖောက်ထားပြီး ပြန်ချုပ်ထားတယ်။ ကျောကုန်းမှာလည်း အညိုမည်းတွေနဲ့ သူတို့က တပ်ရှေ့မှာ ဆိုင်ကယ်မှောက်တာဆိုပြီး အိမ်ကို အကြောင်းကြားတာ။ ဒါပေမဲ့ လက်တွေ ဒူးတွေပွန်းပဲ့ရာ တခုမှမရှိဘူး။ သူ့ယောက္ခမကပါ လိမ်ပြီး သူ့မိဘတွေကို ပြောတာ။ အခုကိစ္စက ဆိုင်ကယ်မှောက်တာနဲ့ မတူပါဘူး၊ ပြီးတော့ ယုတ္တိလည်း မရှိဘူး။ အခုလည်း သင်္ဂြိုဟ်ပြီး ၁၃ ရက်လောက်ကြာမှ သူ့မိဘတွေကို မှတ်ပုံတင်နဲ့ လျော်ကြေး သိန်း ၃၀ လာထုတ်ယူပါဆိုပြီးတော့ လှမ်းအကြောင်းကြားထားတယ်။”
ကိုဖိုးဇော်ထွန်းဟာ ရန်ကုန်က ပလတ်စတစ်စက်ရုံတရုံမှာ အလုပ်လုပ်နေသူဖြစ်ပြီး သူ့အလောင်းကို ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်မှာ မိဘတွေက သွားသယ်ယူခဲ့ပြီး တာပွန်သုသာန်မှာပဲ ဇွန် ၂၂ ရက်နေ့က သင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ ညောင်လေးပင်ကျေးရွာထဲကို စစ်ကောင်စီတပ်တွေက ဇွန် ၆ ရက် မနက်က ဝင်ရောက်ပြီး ပြည်သူလူထုနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်တွေ ဒီမနက် ၈ နာရီကျော်လောက်က ရွာကို တိတ်တဆိတ်ဝင်လာပြီး အနည်းဆုံး ပြည်သူလူထု နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံ PDF ရဲဘော်တယောက်က ပြောပါတယ်။
“သူတို့ကလှေနဲ့ တောင်ညိုဆည်ထဲကနေ တက်လာတယ်။ ဖလန်ပင်ကုန်းကျေးရွာမှာတပ်စွဲထားတဲ့အဖွဲ့ လမ်းသိတဲ့ ဒလန်တွေက ဦးဆောင်ခေါ်လာတာ အရပ်ဝတ်ပျူတွေလည်းပါတယ်။ အင်အား ၃၀ လောက်ရှိတယ်။ ကျနော်တို့ကလည်း ရွာတွေကို စောင့်ကြည့်နေတဲ့ကြားက လွတ်သွားတာ မသိလိုက်တာ။ အခုက ကိုဇော်မျိုးအောင်၊ ကိုအောင်ကျော်ကျော်နဲ့ ဦးသောင်းရွှေ တို့အိမ်တွေပါသွားတယ်။ အိမ်တွေက ပျဉ်ထောင်အိမ်တွေ၊ သူတို့ ရှို့တဲ့အိမ် သုံးလုံးပဲ လောင်ပြီး တခြားအိမ်မကူးတော့ တော်သေးတာပေါ့။”
နတ္တလင်းမြို့နယ်ထဲက ကျေးရွာတွေဟာ PDF တွေကို ထောက်ပံ့နေတယ်ဆိုပြီး စစ်ကောင်စီတပ်တွေက အကြိမ်ကြိမ် လာရောက်မီးဝင်ရှို့နေတာဖြစ်ပြီး ပြီးခဲ့တဲ့မတ်လထဲမှာပဲ ညောင်လေးပင်က အိမ် ၂ အိမ် ၊ ဂွေးကြီးရွာက ၂ အိမ်၊ ဗိုလ်ကြီးစခန်းက၂ အိမ် မီးရှို့ဖျက်ဆီးခံခဲ့ရကာ ကြက်၊ ဝက် တိရစ္ဆာန်တွေနဲ့ ဆန်တွေလည်း ခိုးယူဆောင်သွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ညောင်လေးပင်ကျေးရွာ ခံတယောက်က “ဒီရွာတွေကို ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကတည်းက အပြီးရွှေ့ပြောင်းပေးရမယ်ဆိုပြီး အမိန့်ထုတ်ထားတာ၊ ရွာမှာကလည်း လူတွေ မနေရဲကြပါဘူး။ ဒါပေမဲ့ တောင်ယာတွေ ၊ စိုက်ခင်းတွေကလည်း ဒီနားမှာပဲရှိနေတော့ လာလာကြည့်၊ သူတို့မရှိရင်လိုတာဝင်ယူ၊ အဲဒီလိုလုပ်နေရတာ” လို့ပြောပါတယ်။
ညောင်လေးပင်ကျေးရွာဟာ ပဲခူးရိုးမတောင်ခြေမှာရှိပြီး အိမ်ခြေ ၃၀၀ လောက်ရှိပါတယ်။ ပြီးခဲ့တဲ့ မေလကလည်း စစ်ကောင်စီက ညောင်လေးပင်ကျေးရွာဒေသခံတွေကို မောင်းထုတ်ပြီး တပ်စွဲနေထိုင်ခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေပြန်ထွက်သွားပြီးနောက် မေ ၁၆ ရက်မှာ ဒေသခံတွေက ရွာထဲကို၀င်ပြီး အစားအသောက်ဝင်ယူစဉ်မှာ မိုင်းနင်းမိလို့ ရွာသား ၃ ယောက် ဒဏ်ရာရကာ တယောက်သေဆုံးသွားပါတယ်။