close

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ရွာဝင်မီးရှို့

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ ညောင်လေးပင်ကျေးရွာထဲကို  စစ်ကောင်စီတပ်တွေက ဇွန် ၆ ရက် မနက်က  ဝင်ရောက်ပြီး ပြည်သူလူထုနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးသွားတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်တွေ  ဒီမနက် ၈ နာရီကျော်လောက်က ရွာကို တိတ်တဆိတ်ဝင်လာပြီး အနည်းဆုံး ပြည်သူလူထု နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံ   PDF ရဲဘော်တယောက်က ပြောပါတယ်။

“သူတို့ကလှေနဲ့ တောင်ညိုဆည်ထဲကနေ တက်လာတယ်။ ဖလန်ပင်ကုန်းကျေးရွာမှာတပ်စွဲထားတဲ့အဖွဲ့ လမ်းသိတဲ့ ဒလန်တွေက ဦးဆောင်ခေါ်လာတာ အရပ်ဝတ်ပျူတွေလည်းပါတယ်။ အင်အား ၃၀ လောက်ရှိတယ်။ ကျနော်တို့ကလည်း ရွာတွေကို စောင့်ကြည့်နေတဲ့ကြားက လွတ်သွားတာ  မသိလိုက်တာ။ အခုက ကိုဇော်မျိုးအောင်၊ ကိုအောင်ကျော်ကျော်နဲ့  ဦးသောင်းရွှေ တို့အိမ်တွေပါသွားတယ်။ အိမ်တွေက ပျဉ်ထောင်အိမ်တွေ၊  သူတို့ ရှို့တဲ့အိမ် သုံးလုံးပဲ လောင်ပြီး တခြားအိမ်မကူးတော့ တော်သေးတာပေါ့။”

နတ္တလင်းမြို့နယ်ထဲက ကျေးရွာတွေဟာ PDF တွေကို ထောက်ပံ့နေတယ်ဆိုပြီး စစ်ကောင်စီတပ်တွေက  အကြိမ်ကြိမ် လာရောက်မီးဝင်ရှို့နေတာဖြစ်ပြီး ပြီးခဲ့တဲ့မတ်လထဲမှာပဲ  ညောင်လေးပင်က အိမ် ၂ အိမ် ၊ ဂွေးကြီးရွာက ၂ အိမ်၊ ဗိုလ်ကြီးစခန်းက၂ အိမ် မီးရှို့ဖျက်ဆီးခံခဲ့ရကာ ကြက်၊ ဝက် တိရစ္ဆာန်တွေနဲ့  ဆန်တွေလည်း ခိုးယူဆောင်သွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ 

ညောင်လေးပင်ကျေးရွာ ခံတယောက်က “ဒီရွာတွေကို  ပြီးခဲ့တဲ့ မတ်လ ၂၇  ရက်နေ့ကတည်းက အပြီးရွှေ့ပြောင်းပေးရမယ်ဆိုပြီး အမိန့်ထုတ်ထားတာ၊ ရွာမှာကလည်း လူတွေ မနေရဲကြပါဘူး။ ဒါပေမဲ့ တောင်ယာတွေ ၊ စိုက်ခင်းတွေကလည်း ဒီနားမှာပဲရှိနေတော့ လာလာကြည့်၊ သူတို့မရှိရင်လိုတာဝင်ယူ၊ အဲဒီလိုလုပ်နေရတာ” လို့ပြောပါတယ်။

ညောင်လေးပင်ကျေးရွာဟာ ပဲခူးရိုးမတောင်ခြေမှာရှိပြီး အိမ်ခြေ ၃၀၀ လောက်ရှိပါတယ်။ ပြီးခဲ့တဲ့ မေလကလည်း စစ်ကောင်စီက ညောင်လေးပင်ကျေးရွာဒေသခံတွေကို မောင်းထုတ်ပြီး တပ်စွဲနေထိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေပြန်ထွက်သွားပြီးနောက် မေ ၁၆ ရက်မှာ  ဒေသခံတွေက ရွာထဲကို၀င်ပြီး အစားအသောက်ဝင်ယူစဉ်မှာ  မိုင်းနင်းမိလို့ ရွာသား ၃ ယောက် ဒဏ်ရာရကာ တယောက်သေဆုံးသွားပါတယ်။ 

//
Up