ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ သာစည်ကျေးရွာမှာ ဒေသခံတယောက်ရဲ့နေအိမ်ကို ဧပြီ ၁၀ ရက်မှာ အမည်မသိလူတစုက ဓားပြတိုက်သွားလို့ ရွှေနဲ့ငွေ စုစုပေါင်း ကျပ်သိန်း ၂၅၀ ဖိုးလောက် ပါသွားတယ်လို့ နယ်မြေရဲစခန်းနဲ့ ဒေသခံတွေထံက သိရပါတယ်။
မနေ့ည ၉ နာရီကျော်လောက်မှာ အမည်မသိ အမျိုးသား ၆ ယောက်က မျက်နှာဖုံးအနက်တွေနဲ့ ဦးမောင်စိုးအိမ် အနောက်ဖေးကနေ သေနတ်တချက်ဖောက်ကာ စစ်ဆေးစရာရှိလို့ဆိုပြီး တံခါးကို ဖွင့်ခိုင်းပြီး ဝင်လာတာဖြစ်ပါတယ်။
အိမ်ထဲရောက်တော့ မိသားစုဝင် အားလုံးကို ဒူးထောက်ထိုင်ခိုင်းပြီး အိမ်ခန်းထဲက သေတ္တာတွေထဲကနေ ရွှေထည်ပစ္စည်း လက်ဝတ်လက်စား ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၅၀ ဖိုးခန့် ၊ ငွေသား ၅၀၀၀၀ ကျပ်နဲ့ ဖုံး ၂ လုံးကို ယူဆောင်ပြီး သေနပ်ပစ်ဖောက်ကာ တောထဲဘက်ကို ဝင်သွားတယ်လို့ နတ်တလင်းရဲစခန်းမှတ်တမ်းအရ သိရပါတယ်။
ဒေသခံတဦးက “ညက ၉ နာရီကျော်လောက်က အမည်မသိအမျိုးသားတစုက သေနတ်တွေ၊ ဓားတွေနဲ့ ဦးမောင်စိုး အိမ်ကို လာပြီးသေနတ်ထောက်ပြီး တောင်းတာ။ အိမ်ကဘယ်သူမှ အိပ်သေးတာ မဟုတ်ဘူး။ အိမ်မှာက ယောကျ်ားသားတွေလည်း ရှိတဲ့အိမ်ကို လာတိုက်ရဲတာ၊ ရွှေတွေ ငွေတွေ စုစုပေါင်း သိန်း ၂၅၀ ကျော် လောက်ပါသွားတယ်ပြောတာပဲ။ သေနတ်လည်း ဖောက်သေးတယ်”လို့ပြောပါတယ်။
အဆိုပါကျေးရွာက စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ညအိပ်ခရီးထွက်နေစဉ် ဓားပြမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဓားပြမှုဖြစ်ပြီးနောက်မှာ စစ်ကောင်စီတပ်တွေ ရောက်လာပြီး သေနတ်ပစ်ခတ်ခဲ့ရာ ရွာသား တယောက်ကို ဖမ်းသွားတယ်လို့ သိရပါတယ်။
ရွာသားဒေသခံတယောက်က “အဲဒီညကဖြစ်ချင်တော့ ရွာကအုပ်ကြီးက သူ့နှမ အလှူရှိတဲ့ စံကြီးလောင့်ကျေးရွာကို သွားနေတာ။ သူ့ကိုလှမ်းပြီး ဖုန်းဆက်ခေါ်ရတာ၊ အဲ့တော့မှ သူက စစ်ကောင်စီတပ်သားတွေ ခေါ်ပြီး ရွာထဲကိုရောက်လာပြီး သေနတ်နဲ့ လျှောက်ပစ်တာ၊ အချက်ပေါင်းများစွာပဲ။ ပြီးတော့ ဒေသခံ ရွာသားတယောက်ကို ဖမ်းခေါ်သွားတယ်” လို့ ပြောပါတယ်
ဓားပြလာတိုက်သူ ၆ ယောက်မှာ သေနတ်က ၃ လက် ၊ဓား ၃ ချောင်းပါပြီး အိမ်ရှင်ဦးမောင်စိုးကိုလည်း ရိုက်နှက်ခဲ့ပါတယ်။
အဲဒီ ဓားပြမှုကို ကာယကံရှင် ဦးမောင်စိုးက တရားလိုပြုလုပ်ပြီး တောင်ညိုရဲစခန်းမှာ (ပ)၁၇/၂၀၂၂ ရာဇသတ်ကြီးပုဒ်မ ၃၉၅ နဲ့ အမှုဖွင့်ထားတယ်လို့ တောင်ညိုရဲစခန်းကနေ သိရပါတယ်။
ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်အတွင်းပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲမှာ အရှင်ဖမ်းမိသွားတဲ့ ဒေသခံ PDF ရဲဘော် ၃ ယောက် စစ်ကြောရေးမှာ သေဆုံးသွားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်က နတ္တလင်းမြို့နယ်ထဲက တောင်ညိုကွပ်သစ် အထက် တက်တဲ့လမ်းတွေမှာ စောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို သုတ်သင်ရှင်းလင်းဖို့အတွက် စစ်ကြောင်းထွက်လာတဲ့ Phoenix PDF အဖွဲ့ဟာ ဒလန်ရဲ့သတင်းပေးမှုကြောင့် လမ်းမှာ စစ်ကောင်စီတပ် စစ်ကား ၅ စီးရဲ့ တိုက်ခိုက်ခံရတာကြောင့် တယောက် ကျဆုံးကာ ၃ ယောက် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
အဲဒီ ဖမ်းဆီးခံလိုက်ရတဲ့သူ ၃ ယောက်ဟာ မနေ့က ခုတင် ၁၀၀ စစ်ဆေးရုံမှာ သေဆုံးနေတဲ့ အလောင်းအဖြစ် တွေ့ခဲ့ရတယ်လို့ စစ်ဆေးရုံအသိုင်းအ၀န်းက သိရပါတယ်။
တိုက်ပွဲဖြစ်ပြီး ဖမ်းဆီးခံရတဲ့ PDF တွေကို စစ်ကောင်စီတပ်တွေက အဲ့ဒီနေ့မှာပဲ တောင်ညိုကွပ်သစ်က လူထုရှေ့မှာ ရိုက်နှက်ထိုးကြိတ်ပြသတာကြောင့် သူတို့အထဲကတယောက်က မခံနိုင်တဲ့အဆုံးမှာ သေနတ်လုပြီး ပြန်လည်တိုက်ခိုက်တာကြောင့် လူထုရှေ့မှာပဲ ပစ်သတ်လိုက်တာ ဖြစ်ပါတယ်။
ကျန် ၃ ယောက်ကိုတော့ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှာ အခု ၃ ယောက် စလုံးရဲ့အလောင်းတွေကို ပြည် ခုတင် ၁၀၀ စစ်ဆေးရုံမှာ တွေ့ခဲ့ရတယ်လို့ စစ်ဆေးရုံနဲ့ နီးစပ်တဲ့ သူတဦးက ပြောပါတယ်။
ဒေသခံတယောက်က “သူတို့ ၃ ယောက်ကို ၁၀ ရက်က ဖမ်းဆီးမိသွားကတည်းက ရိုက်နှက်စစ်ဆေးနေခဲ့တာကြောင့် မခံနိုင်တဲ့အဆုံးမှာ သူတို့ကို ထောက်ပံ့နေတယ်ဆိုတဲ့ ရွာနာမည်တချို့ကို ဖော်လိုက်ရတယ် ထင်တယ်။ အခု ညကနေစပြီး နတ္တလင်းမြို့နယ်ထဲက တောင်ညိုဆည် ပတ်၀န်းကျင်က ကျေးရွာတချို့ကို အတင်းဝင်ရောက်စစ်ဆေးတာတွေ၊ အိမ်တွေကို ဖျက်ဆီးတာတွေ ပြုလုပ်နေပါတယ်။ အခု အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ ညောင်လေးပင်ရွာဟောင်းက ရွာရှိလူတွေ အကုန်လုံးကို ရွာကနေ နှင်ထုတ်နေပြီး ညတွင်းချင်းကို အိမ်တွေ ဖျက်နေရတာ ဘယ်တွေ သွားနေရမလဲတော့ မသိဘူး။ တခြား ဘယ်ရွာတွေ ပါသေးလဲတော့ မသိသေးဘူး” လို့ ပြောပါတယ်။
အခုစစ်ကြောရေးမှာ သေဆုံးသွားသူတွေဟာ နတ္တလင်းမြို့နယ် ဖောင်းအိုင်နဲ့ ကျောက်ဆောင်းက လူငယ်တွေဖြစ်ကြပြီး သူတို့အလောင်းတွေကို လာသယ်ယူဖို့အတွက် သက်ဆိုင်ရာ မိသားစုကို အကြောင်းကြားတာမရှိသေးဘူးလို့ သိရပါတယ်။