close

နတ္တလင်းမြို့နယ်တိုက်ပွဲတွင် ဖမ်းဆီးခံရသည့် PDF ရဲဘော်များကို စစ်ကောင်စီတပ်က သတ်ဖြတ်

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်အတွင်းပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲမှာ အရှင်ဖမ်းမိသွားတဲ့  ဒေသခံ PDF ရဲဘော် ၃ ယောက် စစ်ကြောရေးမှာ သေဆုံးသွားပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်က နတ္တလင်းမြို့နယ်ထဲက တောင်ညိုကွပ်သစ် အထက် တက်တဲ့လမ်းတွေမှာ စောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို သုတ်သင်ရှင်းလင်းဖို့အတွက် စစ်ကြောင်းထွက်လာတဲ့ Phoenix PDF အဖွဲ့ဟာ ဒလန်ရဲ့သတင်းပေးမှုကြောင့် လမ်းမှာ စစ်ကောင်စီတပ် စစ်ကား ၅ စီးရဲ့ တိုက်ခိုက်ခံရတာကြောင့်  တယောက် ကျဆုံးကာ ၃ ယောက် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

အဲဒီ ဖမ်းဆီးခံလိုက်ရတဲ့သူ ၃ ယောက်ဟာ မနေ့က ခုတင် ၁၀၀ စစ်ဆေးရုံမှာ သေဆုံးနေတဲ့ အလောင်းအဖြစ် တွေ့ခဲ့ရတယ်လို့ စစ်ဆေးရုံအသိုင်းအ၀န်းက သိရပါတယ်။

တိုက်ပွဲဖြစ်ပြီး ဖမ်းဆီးခံရတဲ့ PDF တွေကို စစ်ကောင်စီတပ်တွေက အဲ့ဒီနေ့မှာပဲ တောင်ညိုကွပ်သစ်က လူထုရှေ့မှာ ရိုက်နှက်ထိုးကြိတ်ပြသတာကြောင့် သူတို့အထဲကတယောက်က မခံနိုင်တဲ့အဆုံးမှာ သေနတ်လုပြီး ပြန်လည်တိုက်ခိုက်တာကြောင့် လူထုရှေ့မှာပဲ ပစ်သတ်လိုက်တာ ဖြစ်ပါတယ်။

ကျန် ၃ ယောက်ကိုတော့ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှာ အခု ၃ ယောက် စလုံးရဲ့အလောင်းတွေကို ပြည် ခုတင် ၁၀၀ စစ်ဆေးရုံမှာ တွေ့ခဲ့ရတယ်လို့  စစ်ဆေးရုံနဲ့ နီးစပ်တဲ့ သူတဦးက ပြောပါတယ်။ 

ဒေသခံတယောက်က “သူတို့ ၃ ယောက်ကို ၁၀ ရက်က ဖမ်းဆီးမိသွားကတည်းက ရိုက်နှက်စစ်ဆေးနေခဲ့တာကြောင့် မခံနိုင်တဲ့အဆုံးမှာ သူတို့ကို ထောက်ပံ့နေတယ်ဆိုတဲ့ ရွာနာမည်တချို့ကို ဖော်လိုက်ရတယ် ထင်တယ်။ အခု ညကနေစပြီး နတ္တလင်းမြို့နယ်ထဲက တောင်ညိုဆည် ပတ်၀န်းကျင်က ကျေးရွာတချို့ကို အတင်းဝင်ရောက်စစ်ဆေးတာတွေ၊ အိမ်တွေကို ဖျက်ဆီးတာတွေ ပြုလုပ်နေပါတယ်။ အခု အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ ညောင်လေးပင်ရွာဟောင်းက ရွာရှိလူတွေ အကုန်လုံးကို ရွာကနေ နှင်ထုတ်နေပြီး ညတွင်းချင်းကို အိမ်တွေ ဖျက်နေရတာ ဘယ်တွေ သွားနေရမလဲတော့ မသိဘူး။ တခြား ဘယ်ရွာတွေ ပါသေးလဲတော့ မသိသေးဘူး” လို့ ပြောပါတယ်။

အခုစစ်ကြောရေးမှာ သေဆုံးသွားသူတွေဟာ နတ္တလင်းမြို့နယ် ဖောင်းအိုင်နဲ့ ကျောက်ဆောင်းက လူငယ်တွေဖြစ်ကြပြီး သူတို့အလောင်းတွေကို လာသယ်ယူဖို့အတွက် သက်ဆိုင်ရာ မိသားစုကို အကြောင်းကြားတာမရှိသေးဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up