မန်ယူအသင်းနဲ့ ကစားရမယ့် လိဂ်ဖလားဗိုလ်လုပွဲစဉ်မှာ အကောင်းဆုံးလက်စွမ်းပြပြီး လူတွေကို သက်သေပြဖို့ ဂိုးသမား ကားရီးယက်စ်ကို တိုက်စစ်မှူး ဝီလ်ဆင်က တိုက်တွန်းပါတယ်။
နယူးကာဆယ်အသင်းဟာ ပထမဂိုးသမား နစ်ပုတ် ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မှာဖြစ်သလို ဒုတိယဂိုးသမား ဒူဘရက်ကာဟာလည်း မန်ယူအသင်းနဲ့ လိဂ်ဖလားပွဲ ကစားခဲ့တာကြောင့် လွဲချော်မှာပါ။
ဒါကြောင့် လိဂ်ဖလားဗိုလ်လုပွဲဟာ တချိန်တုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အမှားအယွင်း များခဲ့တဲ့ ဂိုးသမား ကားရီးယက်စ်အတွက် သက်သေပြနိုင်ဖို့ အခွင့်အရေးဖြစ်ကြောင်း အသင်းဖော် တိုက်စစ်မှူး ဝီလ်ဆင်က ပြောပါတယ်။
ဂျာမန်ဂိုးသမားဟာ လွန်ခဲ့တဲ့ ၅ နှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အမှားများခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
အဲဒီပွဲစဉ်ဟာ ကားရီးယက်စ်ရဲ့ ကစားသမားဘဝကို နိမ့်ဆင်းသွားစေခဲ့တာကြောင့် အခုကန်မယ့် လိဂ်ဖလားဗိုလ်လုပွဲမှာ လက်စွမ်းပြသပြီး သက်သေပြဖို့လိုကြောင်း ဝီလ်ဆင်က ပြောခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ နယူးကာဆယ်ဂိုးသမား ဒူဘရက်ကာကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပါတယ်။
လက်ရှိ နယူးကာဆယ် ဂိုးသမားတွေဖြစ်တဲ့ နစ်ပုတ်နဲ့ ဒါလိုတို့ရှိနေတဲ့အသင်းမှာ အသက် ၃၃ နှစ်ရှိ ဆလိုဗက်ကီးယားဂိုးသမား ဒူဘရက်ကာဟာ နေရာပျောက်နေတာကြောင့် မန်ယူအသင်းဆီပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။
တစ်ရာသီအငှားစာချုပ်ဆိုပေမယ့် ရာသီအကုန်မှာ ပေါင် ၅ သန်းနဲ့ မန်ယူ အသင်းက အပြီးသတ်ခေါ်ယူခွင့်လည်း ပါဝင်ပါတယ်။
မန်ယူအသင်းဟာ ပထမဂိုးသမား ဒီဂီယာနဲ့ အရန်ဂိုးသမား တွန်ဟတ်တန်တို့ရှိနေပေမဲ့ ပိုမိုအင်အားကောင်းစေဖို့အတွက် ဒူဘရက်ကာကို ခေါ်ယူခဲ့တာပါ။
သူဟာ ပထမပွဲထွက်ဂိုးသမားနေရာကို ကြာရှည်စွာ မရခဲ့ပေမယ့် ကာဆယ်နဲ့ ပွဲ ၁၃၀ ကစားခဲ့ရာမှာ ၃၇ ပွဲအထိ ဂိုးမပေးခဲ့ရတဲ့မှတ်တမ်းပိုင်ဆိုင်ထားပါတယ်။