ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၉)က နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးယောက် လက်နက်ခဲယမ်းတွေနဲ့အတူ မတ် ၆ ရက် မနက်ပိုင်းမှာ ထွက်ပြေးသွားတယ်လို့ တပ်တွင်း သတင်းတွေအရ သိရပါတယ်။
နယ်ခြားစောင့်တပ်နဲ့ နီးစပ်သူတဦးက “နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦး လက်နက်ခဲယမ်းတွေယူပြီး ရက္ခိုင့်တပ်တော်(အေအေ) ရှိရာဘက် ထွက်ပြေးသွားကြတယ်လို့ သိရတယ်။ လက်နက်တွေ ပါသွားတော့ စခန်းတခုလုံး သဲကြီးမဲကြီး လိုက်ရှာနေကြတယ်။ နာမည်တွေတော့ မသိဘူးဗျ။ ပြည်မဘက်က တာဝန်ကျလာတာလို့တော့ သိရတယ်။ မေယုတောင်တန်းက အေအေစခန်းတွေဆီ ထွက်ပြေးသွားကြသလားဆိုပြီး သူတို့တွေ ပြောနေကြတယ်”လို့ ပြောပါတယ်။
အသစ်တည်ဆောက်နေတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၉ ဟာ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဥ်မှာ မီးလောင်သွားတဲ့ မြင်းလွှတ်ကျေးရွာအုပ်စု မွတ်ဆလင်ကျေးရွာတွေ နေရာမှာ ရှိတာ ဖြစ်ပါတယ်။
လက်နက်ခဲယမ်းတွေနဲ့အတူ ထွက်ပြေးသွားကြသူတွေဟာ တပ်ရင်းအရှေ့ဘက် မယူတောင်တန်းရှိ ရက္ခိုင့်တပ်တော်(အေအေ) ရှိရာဘက် ထွက်ပြေးသွားနိုင်ကြောင်း တပ်တွင်းသတင်းတွေအရ သိရပါတယ်။
အခုနှစ် ဇန်နဝါရီ ၃၁ ရက်ကလည်း မောင်တောမြို့အဝင်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၅ မှ ထွက်ပြေးသွားတဲ့ နယ်ခြားစောင့်တပ်သားတဦးကို ဖေဖော်ဝါရီ ၁ ရက် ညနေ ၅ နာရီကျော်လောက်က စစ်တွေမြို့ ပြည်တော်သာရပ်ကွက်၊ ခိုင်သဇင်ပန်းခြံအနီးရှိ ချောင်းထဲ ဆင်းပြေးစဥ် စစ်သားတွေနဲ့ ရဲတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ အလွတ်သဘော အပစ်အခတ် ရပ်စဲထားကြပေမဲ့ စစ်ကောင်စီတပ်အတွင်း ယုံကြည်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာနေသလို အထက်အရာရှိတွေရဲ့ ဖိနှိပ်မှုတွေကြောင့် အခုလို တပ်ပြေးတွေ တရက်တရက် များလာနေကြောင်း ရခိုင်စစ်ရေးနဲ့ နိုင်ငံရေး လေ့လာသူတွေက ထောက်ပြကြပါတယ်။
ရက္ခိုင့်တပ်တော်(အေအေ) ပြောခွင့်ရ ခိုင်သုခကတော့ စစ်ကောင်စီတပ်သား အရေအတွက် ရာနဲ့ချီပြီး အေအေဘက်ကို ခိုလှုံလာနေတာရှိကြောင်း ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့ ဆိပ်ကမ်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နယ်ခြားစောင့်တပ်ဖွဲ့ ကိုယ်တိုင် ကုန်စည်တွေကို မော်တော်ဘုတ်နဲ့ တရားမဝင် တင်ပို့နေတယ်လို့ မျက်မြင် ကုန်သည်တွေက ပြောပါတယ်။
မောင်တောမြို့ မွတ်ဆလင်ကုန်သည်တဦးက "မောင်တောကို ရောက်လာတဲ့ ကုန်တွေက နယ်စပ်ကုန်သွယ်ရေးက တရားဝင်သွားတာထက် တရားမဝင်တဲ့ နည်းလမ်းနဲ့ သွားနေကြတာ များတယ်။ မောင်တောဘုတ်ဆိပ်က တနေ့ကို မော်တော်ဘုတ် ၃ စီးလောက် နယ်ခြားစောင့်တွေနဲ့ ညှိပြီး တရားမဝင်ထွက်နေတာရှိတယ်" လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို တရားမဝင်လမ်းက ပို့ဆောင်နေတဲ့ ကုန်စည်တွေက မာဘဲ့လ်ဆီကရစ်၊ အရက်၊ ဘီယာ၊ ကော်ဖီမစ်နဲ့ တခြားကုန်မျိုးစုံပါဝင်တယ်လို့ သိရပါတယ်။
နယ်ခြားစောင့်တပ်နဲ့ ညှိပြီး ထွက်လာတဲ့ မော်တော်ဘုတ်တချို့က ကုန်တွေကို နောက်ထပ်နယ်ခြားစောင့် တဖွဲ့က တောင်ပြိုလက်ဝဲမြို့ကနေ တောင်ပြိုလက်ယာက ZERO line အရောက်ကားနဲ့ ပို့ဆောင်ပေးတယ်လို့ တောင်ပြိုလက်ဝဲဒေသခံတွေက ပြောပါတယ်။
"စျေးဆိုင်တွေမှာ ရောင်းဖို့ စီးကရစ်နဲ့ အရက်ဘီယာ တဖာလောက်ကိုတောင် သယ်ခွင့် မပေးဘူး။ စီးကရက်ကို ကျီးကန်ပြင်စစ်ဆေးရေးဂိတ်က ဖမ်းတယ်။ အရက်နဲ့ဘီယာကို ကြိမ်ချောင်း ၂၄ စစ်ဆေးရေးဂိတ်က ဖမ်းတယ်။ တခြားကုန်တွေဆိုလည်း တကိုယ်စာလောက် သယ်ခွင့်ပြုတယ်။ စျေးဆိုင်တွေမှာ ရောင်းချဖို့အထိ သယ်ခွင့် မပြုဘူး။ သူတို့ကျတော့ ရေကြောင်းကနေ စိတ်ကြိုက်ယူလာပြီး zeroline ကို အရောက်ပို့ပေးနေကြတာ" လို့ ပြောပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က မောင်တောမြောက်ပိုင်းက အေအေဆီ သင်တန်းတက်ဖို့သွားတဲ့ လူငယ် ၃၁ ဦး ကို ကြိမ်ချောင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းမိတဲ့အချိန်ကစလို့ မောင်တောမြောက်ပိုင်းကို ကုန်စည်သယ်ယူခွင့် ကန့်သတ်ထားခဲ့တာပါ။