close

နယ်ခြားစောင့်တပ်ဖွဲ့က မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်သို့ ကုန်စည်များ တရားမဝင်တင်ပို့

မောင်တောဆိပ်ကမ်းအနီး ချောင်းထွက်ဝ၌ စစ်ကောင်စီနယ်ခြားစောင့် ရေတပ်စပိဘုတ်များကို တွေ့ရစဥ်။

ရခိုင်ပြည်နယ် မောင်တောမြို့ ဆိပ်ကမ်းကနေ  ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နယ်ခြားစောင့်တပ်ဖွဲ့ ကိုယ်တိုင် ကုန်စည်တွေကို မော်တော်ဘုတ်နဲ့ တရားမဝင် တင်ပို့နေတယ်လို့ မျက်မြင် ကုန်သည်တွေက ပြောပါတယ်။

မောင်တောမြို့ မွတ်ဆလင်ကုန်သည်တဦးက "မောင်တောကို ရောက်လာတဲ့ ကုန်တွေက နယ်စပ်ကုန်သွယ်ရေးက တရားဝင်သွားတာထက် တရားမဝင်တဲ့ နည်းလမ်းနဲ့ သွားနေကြတာ များတယ်။ မောင်တောဘုတ်ဆိပ်က တနေ့ကို မော်တော်ဘုတ် ၃ စီးလောက် နယ်ခြားစောင့်တွေနဲ့ ညှိပြီး တရားမဝင်ထွက်နေတာရှိတယ်" လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို တရားမဝင်လမ်းက ပို့ဆောင်နေတဲ့ ကုန်စည်တွေက မာဘဲ့လ်ဆီကရစ်၊ အရက်၊ ဘီယာ၊ ကော်ဖီမစ်နဲ့ တခြားကုန်မျိုးစုံပါဝင်တယ်လို့ သိရပါတယ်။

နယ်ခြားစောင့်တပ်နဲ့ ညှိပြီး ထွက်လာတဲ့ မော်တော်ဘုတ်တချို့က ကုန်တွေကို နောက်ထပ်နယ်ခြားစောင့် တဖွဲ့က တောင်ပြိုလက်ဝဲမြို့ကနေ တောင်ပြိုလက်ယာက ZERO line အရောက်ကားနဲ့ ပို့ဆောင်ပေးတယ်လို့ တောင်ပြိုလက်ဝဲဒေသခံတွေက ပြောပါတယ်။ 

"စျေးဆိုင်တွေမှာ ရောင်းဖို့ စီးကရစ်နဲ့ အရက်ဘီယာ တဖာလောက်ကိုတောင် သယ်ခွင့် မပေးဘူး။ စီးကရက်ကို ကျီးကန်ပြင်စစ်ဆေးရေးဂိတ်က ဖမ်းတယ်။ အရက်နဲ့ဘီယာကို ကြိမ်ချောင်း ၂၄ စစ်ဆေးရေးဂိတ်က ဖမ်းတယ်။ တခြားကုန်တွေဆိုလည်း တကိုယ်စာလောက်  သယ်ခွင့်ပြုတယ်။ စျေးဆိုင်တွေမှာ ရောင်းချဖို့အထိ သယ်ခွင့် မပြုဘူး။ သူတို့ကျတော့ ရေကြောင်းကနေ စိတ်ကြိုက်ယူလာပြီး zeroline ကို အရောက်ပို့ပေးနေကြတာ" လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က မောင်တောမြောက်ပိုင်းက အေအေဆီ သင်တန်းတက်ဖို့သွားတဲ့ လူငယ် ၃၁ ဦး ကို ကြိမ်ချောင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းမိတဲ့အချိန်ကစလို့  မောင်တောမြောက်ပိုင်းကို ကုန်စည်သယ်ယူခွင့် ကန့်သတ်ထားခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up