close

နယ်ခြားစောင့်တပ်

close

April 7, 2023

ကရင်ပြည်နယ်ထဲက BGF စခန်း ၅ ခုကို KNLA ပူး‌ပေါင်းတပ်များ သိမ်းပိုက်

စစ်ကောင်စီလက်အောက်ခံ BGF စခန်း ၅ ခုကို KNLA ပူးပေါင်းစစ်ကြောင်းက သိမ်းပိုက်ထားနိုင်ခဲ့သလို စစ်ကောင်စီဘက်ကလည်း လေကြောင်းက‌နေ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ Lion Battalion စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးမြို့နယ်နဲ့ BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်မြို့သစ်နားမှာ   မတ်လ ၂၅ ရက်ကစတင်ပြီး KNLA နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေက စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားဖြစ်ပါတယ်။ 

လက်ရှိအချိန်ထိ စခန်း ၅ ခု သိမ်းပိုက်နိုင်ခဲ့ပြီး ဆက်လက်ထိုးဖောက် ဝင်ရောက်ဖို့တွေလည်း ရှိသလို စစ်ကောင်စီဘက်က လက်နက်မျိုးစုံ ၇၅ လက် သိမ်းဆည်းရမိခဲ့ကာ BGF အဖွဲ့တွေဘက်ကတော့ သေဆုံးသူ ၈၅ ယောက်ကျော်လောက်ရှိနေပြီလို့ Lion Battalion စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိုအညာသားက ‌ဒီဗွီဘီကို ပြောပါတယ်။

သိမ်းပိုက်ခဲ့တဲ့ စခန်းနာမည်တွေကိုတော့ လုံခြုံရေးအခြေအ‌နေအရ ထုတ်ဖော်ပြောဆိုတာမျိုး မရှိဘဲ လက်ရှိ စစ်ကောင်စီဘက်က စခန်းသိမ်းခံရတဲ့အတွက် လူစုလူဝေးမြင်တာနဲ့ စစ်ဘေးရှောင်လား၊ တော်လှန်ရေးတပ်ဖွဲ့တွေလား မခွဲတော့ဘဲ လေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဧပြီ ၇ ရက်ကနေ ၂၁ ရက်နေ့အထိ အသုံးမပြုဖို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

အခုလို ထုတ်ပြန်လိုက်ရတာဟာ စစ်ကောင်စီဘက်က ခရီးသွားပြည်သူတွေကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်တာမျိုး၊ အကာအကွယ်ယူတာမျိုး ရှိနေတဲ့အတွက် ပြည်သူလူထု မထိခိုက်အောင် အခုလို ထုတ်ပြန်လိုက်ရတာဖြစ်တယ်လို့ Lion Battalion စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက တိုက်ပွဲတွေဖြစ်ပွားနေရင်းနဲ့ မသက်ဆိုင်တဲ့ ကျေးရွာ လူနေအိမ်ခြေတွေကို လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေရှိနေကာ ဒေသခံပြည်သူ ၇,၀၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းမှာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဂဠုန်စစ်ကြောင်း တာဝန်ရှိသူက ဆိုပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း မထုတ်ပြန်သေးပါဘူး။

1 hour Ago

November 1, 2022

မက္ကဆီကိုတွင် ဆန္ဒပြသည့် ရွှေ့ပြောင်းနေထိုင်သူများကို နယ်ခြားစောင့်တပ် ပစ်ခတ်

မက္ကဆီကိုနယ်စပ်မှာ အောက်တိုဘာ ၃၁ ရက် အစောပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှု တခုအတွင်း နယ်ခြားစောင့်တပ်ဟာ ဗင်နီဇွဲလားနဲ့ ဗဟိုအမေရိကမှ ရွှေ့ပြောင်းနေထိုင်သူတွေကို ရော်ဘာကျည်ဆန်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုထဲကို ဝင်ရောက်ဖို့ ရီယို ဂရန်ဒီမြစ်ကို ဖြတ်ကျော်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နယ်ခြားစောင့်တပ်က စတင်ပစ်ခတ်ချိန်မှာ နောက်ပြန်ဆုတ်သွားကြတာတွေကို ရိုက်တာသတင်းဌာနက ရိုက်ကူးထားတဲ့ ပုံတွေမှာ တွေ့မြင်ရပါတယ်။

ဗင်နီဇွဲလား၊ မက္ကဆီကန်၊ အမေရိကန်နဲ့ ဟွန်ဒူးရပ်စ်အလံတွေကို ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ အမေရိကန်ကို ဝင်ရောက်ခွင့်ပြုဖို့ မက္ကဆီကိုနိုင်ငံ ဆီအူဒဒ် ဝါရက်ဇ်မြို့မှာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ဗင်နီဇွဲလားမှာ စီးပွားရေးအကျပ်အတည်းကြောင့် နယ်စပ်ဖြတ်ကျော်မှုတွေ တိုးမြင့်လာမှုကို ဟန့်တားဖို့ ကြိုးပမ်းမှုတခုအနေနဲ့ အမေရိကန်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ်ကနေ ဗင်နီဇွဲလားနိုင်ငံသား ၂၄,၀၀၀ ကို လေကြောင်းမှတဆင့် ဝင်ခွင့်ပေးမယ်လို့ အောက်တိုဘာလတုန်းက ကြေညာခဲ့ပါတယ်။

ဒီမူဝါဒသစ်အရ အမေရိကန်ကို ဝင်ရောက်ဖို့ မျှော်လင့်ချက်ရှိပေမဲ့လည်း ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဆီအူဒဒ် ဝါရက်ဇ်မြို့က ရီယို ဂရန်ဒီ မြစ်နားမှာ ယာယီတဲစခန်းတခု ဆောက်လုပ်ထားပါတယ်။

မက္ကဆီကိုနဲ့ ဖန်တီးထားတဲ့ မူဝါဒအရ အမေရိကန်ဟာ နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ဖို့ ကြိုးစားနေတဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေကို ပြန်နှင်ထုတ်လို့လည်း ရပါတယ်။

5 months Ago
Up