နယ်သာလန်နိုင်ငံက ပေးအပ်တဲ့ ၂၀၂၃ ခုနှစ်အတွက် Geuzen ဆုကို မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ကို ရွေးချယ် ပေးအပ် ချီးမြှင့်လိုက်ပါတယ်။
Geuzenpenning ဖောင်ဒေးရှင်းဟာ ၁၉၈၇ ခုနှစ်ကစပြီး ကမ္ဘာအရပ်ရပ်မှာ ဒီမိုကရေစီအတွက် ဒါမှမဟုတ် အာဏာရှင်စနစ်၊ ခွဲခြားဆက်ဆံမှုနဲ့ လူမျိုးရေးခွဲခြားမှုတို့ကို ဆန့်ကျင်ပြီး အထူးကြိုးပမ်းအားထုတ်ခဲ့ကြသူ တယောက်ချင်း ဒါမှမဟုတ် အဖွဲ့အစည်းတွေအတွက် ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ်ဆုရွေးချယ်ချီးမြှင့်တာပါ။
ဆုပေးပွဲကိုတော့ လာမယ့် မတ်လ ၁၃ ရက်နေ့မှာ Geuzenpenning ဖောင်ဒေးရှင်းအခြေစိုက်တဲ့ Vlaardingen မြို့မှာ အခမ်းအနားနဲ့ ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။
ဆုလာယူမယ့် အေအေပီပီအဖွဲ့တာဝန်ရှိသူကို နယ်သာလန်ရောက် မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေကလည်း မတ်လ ၁၂ နေ့မှာဂုဏ်ပြုပွဲနဲ့ ရင်းနှီးချစ်ခင်စွာ တွေ့ဆုံစကားပြောပွဲ ကျင်းပဖို့လည်း အစီအစဉ်ရှိပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ အရမ်းကိုဆိုးဝါးနေကြောင်းနဲ့ အခုလို ဆုချီးမြှင့်တာဟာ မြန်မာကို ကမ္ဘာက ပစ်ပယ်မထားဘူးဆိုတာ ပြသလိုက်တာဖြစ်တယ်လို့ အဖွဲ့ကိုယ်စား ဆုသွားယူဖို့ရှိတဲ့ အေအေပီပီ တာဝန်ရှိသူတဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမင်းမင်းက ပြောထားပါတယ်။
အေအေပီပီလို့ လူသိများတဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ၂၀၀၀ ပြည့်နှစ် မတ်လ ၂၃ ရက်က နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။
အေအေပီပီအဖွဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိလွတ်မြောက်ရေး၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ကူညီပေးရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ ဘေးကင်းလုံခြုံစွာ ပါဝင်ခွင့် ရရှိစေရေး အတွက်ရည်ရွယ်ပြီး ဆယ်စုနှစ် နှစ်ခုကျော်လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။
မြန်မာပြည်တွင်း အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်တဲ့ စာရင်းမှတ်တမ်းပြုစုတာ၊ အစီရင်ခံစာတွေ ထုတ်ဝေတာတွေကိုလည်း အေအေပီပီက ပြုလုပ်နေသလို လက်ရှိ နွေဦးတော်လှန်ရေးကာလမှာလည်း မြန်မာစစ် အာဏာရှင်ရဲ့ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ ဥပဒေပြင်ပ တရားလက်လွတ် ဖမ်းဆီးမှု၊ တရားစီရင်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ် စာရင်းပြုစုပြီး ကမ္ဘာကိုချပြနေတာ ဖြစ်ပါတယ်။
ရုရှားဟာ လတ်တလောလတွေအတွင်း မြောက်ပင်လယ်ရဲ့ နယ်သာလန်နိုင်ငံဘက်အခြမ်းက အရေးပါတဲ့ အခြေခံအဆောက်အဦတွေကို နှောင့်ယှက်ဖျက်ဆီးဖို့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို စုဆောင်းဖို့ ကြိုးစားနေတယ်လို့ နယ်သာလန် စစ်ထောက်လှမ်းရေးအေဂျင်စီ MIVD က ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။
မြောက်ပင်လယ်ထဲက ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ လေအားလျှပ်စစ် ဓာတ်အားပေးလုပ်ငန်း နားမှာ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦကို မြေပုံထုတ်ဖို့ ကြိုးစားနေတဲ့ ရုရှားသင်္ဘော တစီးကို စုံစမ်းထောက်လှမ်းနိုင်ခဲ့တယ်လို့ MIVD ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ယန်စဝယ်လန်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဘယ်လိုနှောင့်ယှက်ဖျက်ဆီးမယ့် အားထုတ်မှုမှ မအောင်မြင်ခင် ရုရှားသင်္ဘောကို နယ်သာလန်နိုင်ငံ ကမ်းတက်တပ်ဖွဲ့နဲ့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့တွေရဲ့ သင်္ဘောတွေက ခြံရံပြီး မြောက်ပင်လယ်ထဲကနေ ပြန်ထွက်ခိုင်းခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
နယ်သာလန် ထောက်လှမ်းရေးအေဂျင်စီ MIVD နဲ့ AIVD တို့ ဖေဖော်ဝါရီ ၂၀ ရက် ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ မရှိမဖြစ် အရေးပါတဲ့ ကမ်းလွန် အခြေခံအဆောက်အဦတွေဖြစ်တဲ့ အင်တာနက် ကေဘယ်လ်ကြိုးတွေ၊ ဓာတ်ငွေ့ပိုက်လိုင်း တွေနဲ့ လေအားလျှပ်စစ်ထုတ်တဲ့ လုပ်ငန်းတွေဟာ ရုရှားရဲ့ အဖျက်အမှောက် လှုပ်ရှားမှုတွေအတွက် ပစ်မှတ်ဖြစ်လာနေတယ်လို့ ပြောထားပါတယ်။
ရုရှားဟာ သံတမန်မျက်နှာဖုံးအောက်မှာ ထောက်လှမ်းရေးလုပ်ငန်းတွေကို ဆက်တိုက်လုပ်နေတယ်လို့ နယ်သာလန်အစိုးရက စွပ်စွဲပြီး အရေအတွက် မဖော်ပြတဲ့ ရုရှားသံတမန်တွေကို နှင်ထုတ်မယ်လို့ စနေနေ့က ပြောပါတယ်။
ဒါ့အပြင် အမ်စတာဒမ်မြို့တော်က ရုရှားရဲ့ ကုန်သွယ်ရေးရုံးကို ပိတ်ဖို့ နယ်သာလန်အစိုးရက အမိန့်ထုတ်ခဲ့ပြီး ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာရှိတဲ့ နယ်သာလန် ကောင်စစ်ဝန်ရုံးကို ပိတ်မယ်လို့လည်း ပြောခဲ့ပါတယ်။