close

နာဇီ

close

May 10, 2023

ရုရှား မော်တော်ဆိုင်ကယ်ကလပ်အဖွဲ့သားများ နာဇီဂျာမနီကိုအောင်နိုင်မှု အထိမ်းအမှတ် ပန်းခွေချ

ရုရှား နိုက်ထ်ဝုဖ်စ် မော်တော်ဆိုင်ကယ်ကလပ်အသင်းက ဆိုင်ကယ်စီးသူ ဒါဇင်ပေါင်းများစွာဟာ ဥရောပနိုင်ငံအများအပြားကနေ ဂျာမနီနိုင်ငံ ဘာလင်မြို့တော်ဆီ မေ ၉ ရက်က ရောက်လာပြီး ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန် နာဇီဂျာမနီကို ဆိုဗီယက်ယူနီယံက အောင်နိုင်မှု အထိမ်းအမှတ်အဖြစ် ပန်းခွေတွေကို ချထားခဲ့ပါတယ်။

ဘာလင်မြို့တော်က ဆိုဗီယက်စစ်ပွဲ အောက်မေ့ဖွယ်အခမ်းအနားမှာ အစွန်းရောက် အမျိုးသားရေးဝါဒီ ရုရှားမော်တော်ဆိုင်ကယ်ကလပ် အဖွဲ့ဝင်တွေနဲ့ ထောက်ခံသူတွေကို စာနာအားပေးသူ ရာပေါင်းများစွာက “ရုရှား၊ ရုရှား!” လို့ ကြွေးကြော်ရင်း ကြိုဆိုခဲ့ကြပါတယ်။

နှစ်ပတ်လည်နေ့ မတိုင်ခင်လေးမှာ ဘာလင်တရားရုံးတရုံးက ရုရှားအလံတွေ ခင်းကျင်းပြသတာကို တားမြစ်ခဲ့တာပါ။

အောက်မေ့ဖွယ် အထိမ်းအမှတ်ဆီကို ဂျာမန်ရဲတွေက မော်တော်ဆိုင်ကယ်သမားတွေကို လူ ၁၀ ယောက်လောက်ကို တအုပ်စုနှုန်းနဲ့ ခေါ်ဆောင်ခဲ့ပါတယ်။

အဲဒီမှာ အနီရောင် ဇော်မွှားပန်းတွေကို ချထားပြီး သီချင်းတွေ သီဆိုကြပါတယ်။ ယူကရိန်းနိုင်ငံတော်အလံတွေကို ခြုံထားတဲ့ ယူကရိန်းပြည်သူတွေကတော့ ရုရှားတွေကို ထရပ္ပတိုပန်းခြံ အထိမ်းအမှတ်နေရာက လှေကားမှာ ပက်ပင်းတိုးကြတဲ့အခါ ခံစားချက်တွေ လက်ဖြာနေခဲ့တာပါ။

ဒီနေရာမှာ ဆိုဗီယက်စစ်သည်တယောက်က ဂျာမန်ကလေးတယောက်ကို ချီထားပြီး နာဇီစကြာတံဆိပ်ကို နင်းထားတဲ့ပုံရုပ်တု ရှိနေပါတယ်။ ဒါဟာ ရုရှားတွေအပေါ် ဂျာမန်တွေက အကြွေးတင်နေတာကို သတိပေးဖို့ သင်္ကေတလို့လည်း  ဆိုကြပါတယ်။

3 hours Ago

April 14, 2022

“ပူတင်တို့ ဘယ်လောက် ရက်စက်ကြမ်းကြုတ်တယ်ဆိုတာ မျက်မြင်ပါ။… နာဇီထက် ပိုဆိုးတယ်” - လစ်သူယေးနီးယားသမ္မတ

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ အနောက်မြောက်ဘက် ၃၇ မိုင်အကွာ ဘူချာမြို့ ဘိုရိုဒီယန်ကာ လူနေရပ်ကွက်မှာ ရုရှားတို့ ကျူးလွန်ခဲ့တဲ့ ရက်စက်ယုတ်မာမှုတွေဟာ နာဇီတို့ ကျူးလွန်ခဲ့တာတွေထက် အဆများစွာ ပိုတယ်လို့ ယူကရိန်းကို ရောက်ရှိနေတဲ့ လစ်သူယေးနီးယားသမ္မတက ပြောပါတယ်။

ပိုလန်၊ လစ်သူယေးနီးယား၊ လတ်ဗီးယားနဲ့ အက်စတိုးနီးယား လေးနိုင်ငံမှ သမ္မတတွေက ဧပြီ ၁၃ ရက်မှာ ကိယက်ဗ်မြို့ကို သွားရောက်ကာ လူနေရပ်ကွက် အပျက်အစီးတွေကို ကြည့်ရှုခဲ့ကြတာပါ။

လူနေရပ်ကွက် အပျက်အစီးတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ လစ်သူယေးနီးယားသမ္မတ ဂီတာနက်စ် နော်ဆီဒါက “ဒီမှာဖြစ်ပျက်ခဲ့တာတွေကို ဖော်ပြစရာ စကားလုံးတောင် မရှိဘူး၊ ပူတင်တို့ ဘယ်လောက် ရက်စက်ကြမ်းကြုတ်တယ်ဆိုတာ မျက်မြင်ပါ။ ကျနော် နာဇီနဲ့ မနှိုင်းချင်ပါဘူး၊ သူတို့ နာဇီထက် ပိုဆိုးတယ်” လို့ ပြောပါတယ်။

လေးနိုင်ငံက သမ္မတတွေဟာ ယူကရိန်းသမ္မတနဲ့ မတွေ့ဆုံမီ ထိတ်လန့်ကြောက်မက်ဖွယ် ဖြစ်ခဲ့တဲ့ ဘိုရိုဒီယန်ကာကို သွားရောက် ကြည့်ရှုခဲ့ကြတာလည်း ဖြစ်ပါတယ်။

“မိသားစုလိုက်တွေ သတ်ထားတယ်၊ တနေရာတည်းမှာ မြှုပ်ပစ်တယ်၊ ကလေးမတွေကို မုဒိမ်းကျင့်တယ်၊ ဒါဟာ လူသားလုပ်ရပ် မဟုတ်ဘူး၊ သာမန်အမှားမဟုတ်ဘူး။ ဒီကြောက်မက်ဖွယ်စစ်ကို ရပ်တန့်အောင် လုပ်ကြရမယ်။ စဉ်းစားနေဖို့ အချိန်မရှိတော့ဘူး။ သံတမန်ရေး အကွေ့အပတ်နဲ့ လှည့်စားမှုတွေ လုပ်နေဖို့ အချိန်မရှိတော့ဘူး ဆိုတာကို ကမ္ဘာက နားလည်ရမယ်” လို့ လစ်သူယေးနီးယား သမ္မတက ပြောပါတယ်။

ဒီလအစောပိုင်းက ယူကရိန်းတပ်တွေ အပြင်းအထန် ခုခံမှုကြောင့် ရုရှားတပ်တွေ တိုင်းပြည်မြောက်ပိုင်းကနေ ပြန်ဆုတ်ခွာသွားပြီးနောက် ကိယက်ဗ်မြို့တော်ကို ဥရောပခေါင်းဆောင်တွေ တဖွဲဖွဲ ရောက်ရှိလာတာပါ။

ဒါပေမဲ့ သမ္မတ ဇလန်းစကီးက ဂျာမနီသမ္မတ ဖရန့်ဝေါ်လာ စတိန်းမီယာရဲ့ ယူကရိန်းကို လာရောက်ဖို့ ကမ်းလှမ်းချက်ကို ‘အလိုမရှိ’ ဆိုပြီး ပယ်ချလိုက်တာကြောင့် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှုဇ်က အံ့ဩ ဒေါသထွက်မိတယ်လို့ ပြောဆိုပါတယ်။

ဂျာမနီသမ္မတက ရုရှားနဲ့ သွယ်တန်းထားတဲ့ Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းကို ထောက်ခံသူဖြစ်ပြီး ဓာတ်ငွေ့နှစ်ဆ တိုးဝယ်ယူဖို့ စီစဉ်နေတာကြောင့် လက်မခံတာလို့ ဇလန်းစကီးက ပြောကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြပါတယ်။

1 year Ago
Up