ပူတင်အစိုးရကို နှစ်အတော်ကြာ ဝေဖန်နေတဲ့ ထင်ရှားတဲ့ အတိုက်အခံ အလက်ဇီနာဗယ်ညီကို ရုရှားတရားရုံးက လိမ်လည်မှု၊ တရားရုံး မထီမဲ့မြင်ပြုမှု စွဲချက်တွေနဲ့ ထောင်ဒဏ် ၉ နှစ် ချမှတ်လိုက်ပါတယ်။ နာဗယ်ညီရဲ့ ရှေ့နေနှစ်ဦးကိုလည်း ရဲက ဖမ်းဆီးလိုက်ပါတယ်။
တရားရုံးက နာဗယ်ညီကို နိုင်ငံရေး လှုံ့ဆော်မှုအတွက် ရူဘယ်ငွေ ၁ ဒသမ ၂ သန်း (ဒေါ်လာ ၁၁,၅၃၅) လည်း ဒဏ်ရိုက်ခဲ့တာပါ။ နာဗယ်ညီက သူ့မှာ အပြစ်မရှိကြောင်း ပြောပြီး တရားရုံး ဆုံးဖြတ်ချက် အားလုံးကို ငြင်းဆန်ပါတယ်။
ရှေ့နေတဦးလည်းဖြစ်တဲ့ နာဗယ်ညီဟာ ပူတင်အစိုးရရဲ့ အဂတိလိုက်စားမှုတွေကို ယူကျုဗွီဒီယိုပေါ်ကနေ ပြောင်ပြောင်တင်းတင်း ဝေဖန်လေ့ရှိပြီး ပုံမှန်ကြည့်ရှုသူ ၆ သန်းကျော် ရှိပါတယ်။
၂၀၂၀ ဩဂုတ်လက သမ္မတပူတင်ရဲ့ လျှို့ဝှက် အဆိပ်ခတ်လုပ်ကြံမှု ခံရတာကြောင့် ဂျာမနီမှာ လအနည်းငယ် ဦးနှောက်အာရုံကြောပိုင်းဆိုင်ရာ ဆေးဝါးကုသမှု ခံယူခဲ့ရပါတယ်။ အဲဒီလို ဆေးကုသမှုခံယူပြီး မော်စကိုကို ပြန်လာတဲ့အချိန် လေဆိပ်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
ရုရှားအစိုးရကို ဝေဖန်သူ အလက်ဇီနာဗယ်ညီကို ဥရောပလွှတ်တော်က နှစ်စဉ် ချီးမြှင့်နေကျ လူ့အခွင့်အရေးဆု ပေးအပ်ချီးမြှင့်တဲ့အတွက် မြောက်အတ္တလန္တိတ်စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးရဲ့ အကြီးအကဲ ယန်း စတော့တန်ဘာ့ဂ်က ကြိုဆိုလိုက်ပါတယ်။
“ရုရှားနိုင်ငံအတွင်း အားကောင်းတဲ့အသံနဲ့ ဒီမိုကရက်တစ်တန်ဖိုးတွေကို ထောက်ပံ့ရာမှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့တဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့ အရေးကြီးတယ်လို့ ကျနော် ထင်တယ်” လို့ နေတိုးအတွင်းရေးမှူးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး နာဗယ်ညီကို လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
အသက် ၄၅ နှစ်အရွယ် နာဗယ်လ်ညီဟာ ၂၀၂၀ ခုနှစ် ဩဂုတ်လအတွင်း အဆိပ်ခတ်ခံရပြီး အာရုံကြော အဆိပ်ခတ်ခံရတာလို့ အနောက်နိုင်ငံတွေက ပြောပါတယ်။
သူဟာ လွတ်ငြိမ်းချမ်းသာခွင့် ချိုးဖောက်မှုအတွက် ထောင်ဒဏ် ၂ နှစ်ခွဲ ပြစ်ဒဏ် ကျခံနေရပါတယ်။
နာဗယ်လ်ညီကို အဆိပ်ခတ်ထောင်ချတဲ့အတွက် ရုရှားအရာရှိတွေကို ဥရောပသမဂ္ဂက ဒဏ်ခတ်ခဲ့ပါတယ်။