ရုရှားအတိုက်အခံ နာဗယ်ညီ ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရ

ပူတင်အစိုးရကို နှစ်အတော်ကြာ ဝေဖန်နေတဲ့ ထင်ရှားတဲ့ အတိုက်အခံ အလက်ဇီနာဗယ်ညီကို ရုရှားတရားရုံးက လိမ်လည်မှု၊ တရားရုံး မထီမဲ့မြင်ပြုမှု စွဲချက်တွေနဲ့ ထောင်ဒဏ် ၉ နှစ် ချမှတ်လိုက်ပါတယ်။ နာဗယ်ညီရဲ့ ရှေ့နေနှစ်ဦးကိုလည်း ရဲက ဖမ်းဆီးလိုက်ပါတယ်။
တရားရုံးက နာဗယ်ညီကို နိုင်ငံရေး လှုံ့ဆော်မှုအတွက် ရူဘယ်ငွေ ၁ ဒသမ ၂ သန်း (ဒေါ်လာ ၁၁,၅၃၅) လည်း ဒဏ်ရိုက်ခဲ့တာပါ။ နာဗယ်ညီက သူ့မှာ အပြစ်မရှိကြောင်း ပြောပြီး တရားရုံး ဆုံးဖြတ်ချက် အားလုံးကို ငြင်းဆန်ပါတယ်။
ရှေ့နေတဦးလည်းဖြစ်တဲ့ နာဗယ်ညီဟာ ပူတင်အစိုးရရဲ့ အဂတိလိုက်စားမှုတွေကို ယူကျုဗွီဒီယိုပေါ်ကနေ ပြောင်ပြောင်တင်းတင်း ဝေဖန်လေ့ရှိပြီး ပုံမှန်ကြည့်ရှုသူ ၆ သန်းကျော် ရှိပါတယ်။
၂၀၂၀ ဩဂုတ်လက သမ္မတပူတင်ရဲ့ လျှို့ဝှက် အဆိပ်ခတ်လုပ်ကြံမှု ခံရတာကြောင့် ဂျာမနီမှာ လအနည်းငယ် ဦးနှောက်အာရုံကြောပိုင်းဆိုင်ရာ ဆေးဝါးကုသမှု ခံယူခဲ့ရပါတယ်။ အဲဒီလို ဆေးကုသမှုခံယူပြီး မော်စကိုကို ပြန်လာတဲ့အချိန် လေဆိပ်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။