တနင်္ဿာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပုလုကုန်းရွာအထွက်တံတား ရေး - ထားဝယ် ကားလမ်းမှာ ဧပြီ ၂၉ ရက် နေ့လယ်ပိုင်းက ပရဟိတနာရေးကူညီမှုအသင်းကား တစီး ယာဉ်တိုက်မှုဖြစ်ပြီး တိမ်းမှောက်ခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့မြို့ခံပရဟိတအသင်းများထံက သိရပါတယ်။
ယာဉ်မတော်တဆမှုဖြစ်တဲ့ ကားဟာ ရေဖြူမြို့နယ် ကလိန်အောင်မြို့ အခြေစိုက် စေတနာမွန်နာရေးကူညီမှုအသင်းရဲ့ကားဖြစ်ပြီး ထားဝယ်မြို့ကဝပ်ရှော့တစ်ခုတွင် ကားလာပြင်ပြီး ကလိန်အောင်မြို့ကို ပြန်စဉ် မတော်တဆ ဖြစ်ပွားခဲ့တာပါ။
ဇမ္ဗူသီရိအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက "ကားက သူရဲ့ ယာဉ်ကြော ညာဘက်တံတားဘောင်ကို ဝင်တိုက်ပြီးမှ တဖက်လမ်းက မျက်နှာချင်းဆိုင် ကလာတဲ့ ၁၂ ဘီးကို ဝင်တိုက်တာ။ ပြီးမှ တပြန်လောက်လိမ့်ပြီး မှောက်သွားတာ။ သက်သာသွားတာက ယာဉ်မောင်းရော ဘေးကလူပါ ခါးပတ်ပတ်ထားတာနဲ့ လေအိတ်တွေလည်း ပွင့်သွားလို့ လူမသေတာ။ မှောက်တဲ့အရှိန်က ကြမ်းတယ်။ နာရေးကား ကတော့ လုံးဝသုံးလို့ မရတော့ဘူး။ ၁၂ဘီးကားမှာတော့ အရှေ့ပိုင်းနည်းနည်း ထိခိုက်သွားတယ်”လို့ ပြောပါတယ်။
ကားမတော်တဆမှုကြောင့် ယာဉ်မောင်းအမျိုးသားမှာ ဦးခေါင်းဒဏ်ရာနဲ့ ထားဝယ်ဆေးရုံကြီးမှာ ဆေးကုသနေပြီး နောက်အမျိုးသားတဦးမှာ လက်ပွန်းပဲ့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ထိခိုက်ဒဏ်ရာသူတွေကို ထားဝယ်မြို့နယ်က ဇမ္ဗူသီရိအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်း ဇဟာအားမာန်အဖွဲ့ နဲ့ ရင်ခုန်သံ အဖွဲ့တို့က ကူညီကယ်ဆယ်ရေးတွေပြုလုပ်ပေးခဲ့ပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဒီဇင်ဘာ ၁၆ ရက်နေ့က မေတ္တာစမ်းရေလူမှုကူညီရေးအဖွဲ့ရဲ့ နာရေးတင်ကားကို ဇွဲမှန်လုံခရီးသည်တင်ကားက နောက်ကနေ ဝင်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းကုန်းကြီးကျေးရွာနေ ကွယ်လွန်သူ ဦးစိန်မြင့် အသက်(၆၅) နှစ်ရဲ့ အလောင်းကို နာရေးကားထဲ ထည့်နေချိန်မှာ ပုသိမ် ချောင်းသာ ပြေးဆွဲတဲ့ ဇွဲမှန်လုံခရီးသည်တင်ကားက နောက်ကနေ ဝင်တိုက်ခဲ့တာလို့ ဒေသခံပရဟိတအဖွဲ့တွေက ပြောပါတယ်။
''ဘာကြောင့်တိုက်တယ်ဆိုတာတော့ မသိဘူး၊ အရှိန်တော့ပြင်းတယ်။ အရင်ဆုံး ကားတစီးကို တိုက်မိပြီးမှ အလောင်းသယ်ကားကိုတိုက်မိတာ။ အမျိုးသမီးတဦးလည်း မျက်ခုံး ကွဲသွားတယ်၊ ခုထိ ဘာမှမကူညီပေးသေးဘူး'' လို့ ဒေသခံပရဟိတအဖွဲ့ဝင်တဦးက ဒီဗွီဘီကိုပြောပါတယ်။
ချောင်းသာ ပြေးဆွဲတဲ့ ဇွဲမှန်လုံခရီးသည်တင်ကားရဲ့ ဝင်တိုက်မှုကြောင့် မေတ္တာစမ်းရေ လူမှုကူညီရေးအဖွဲ့ ရဲ့ နာရေးတင်ကားနောက်ခြမ်းနဲ့ အလောင်းထဲတဲ့ အအေးခေါင်းသေတ္တာလည်း ပျက်စီးခဲ့သလို အသင်းသူတဦးနဲ့ နောက်ထပ်အမျိုးသမီးတဦးတို့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရတဲ့ အမျိုးသမီး ၂ ဦးကိုတော့ မေတ္တာစမ်းရေလူမှုကူညီရေးအဖွဲ့ရဲ့ လူနာတင်ကားနဲ့ပဲ ပုသိမ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။