close

ရေး – ထားဝယ် ကားလမ်းတွင် နာရေးကားတစီး တိုက်မိတိမ်းမှောက်သဖြင့် ၂ ဦး ဒဏ်ရာရ

တနင်္ဿာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပုလုကုန်းရွာအထွက်တံတား ရေး - ထားဝယ် ကားလမ်းမှာ ဧပြီ ၂၉ ရက် နေ့လယ်ပိုင်းက ပရဟိတနာရေးကူညီမှုအသင်းကား တစီး ယာဉ်တိုက်မှုဖြစ်ပြီး တိမ်းမှောက်ခဲ့တယ်လို့  သွားရောက်ကူညီခဲ့တဲ့မြို့ခံပရဟိတအသင်းများထံက သိရပါတယ်။

ယာဉ်မတော်တဆမှုဖြစ်တဲ့ ကားဟာ ရေဖြူမြို့နယ် ကလိန်အောင်မြို့ အခြေစိုက် စေတနာမွန်နာရေးကူညီမှုအသင်းရဲ့ကားဖြစ်ပြီး ထားဝယ်မြို့ကဝပ်ရှော့တစ်ခုတွင် ကားလာပြင်ပြီး ကလိန်အောင်မြို့ကို ပြန်စဉ် မတော်တဆ ဖြစ်ပွားခဲ့တာပါ။

ဇမ္ဗူသီရိအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက "ကားက သူရဲ့ ယာဉ်ကြော ညာဘက်တံတားဘောင်ကို ဝင်တိုက်ပြီးမှ တဖက်လမ်းက မျက်နှာချင်းဆိုင် ကလာတဲ့ ၁၂ ဘီးကို ဝင်တိုက်တာ။ ပြီးမှ တပြန်လောက်လိမ့်ပြီး မှောက်သွားတာ။ သက်သာသွားတာက ယာဉ်မောင်းရော ဘေးကလူပါ ခါးပတ်ပတ်ထားတာနဲ့  လေအိတ်တွေလည်း ပွင့်သွားလို့ လူမသေတာ။ မှောက်တဲ့အရှိန်က ကြမ်းတယ်။ နာရေးကား ကတော့ လုံးဝသုံးလို့ မရတော့ဘူး။ ၁၂ဘီးကားမှာတော့ အရှေ့ပိုင်းနည်းနည်း ထိခိုက်သွားတယ်”လို့ ပြောပါတယ်။

ကားမတော်တဆမှုကြောင့် ယာဉ်မောင်းအမျိုးသားမှာ ဦးခေါင်းဒဏ်ရာနဲ့ ထားဝယ်ဆေးရုံကြီးမှာ ဆေးကုသနေပြီး နောက်အမျိုးသားတဦးမှာ လက်ပွန်းပဲ့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ 

ထိခိုက်ဒဏ်ရာသူတွေကို ထားဝယ်မြို့နယ်က ဇမ္ဗူသီရိအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်း ဇဟာအားမာန်အဖွဲ့ နဲ့ ရင်ခုန်သံ အဖွဲ့တို့က ကူညီကယ်ဆယ်ရေးတွေပြုလုပ်ပေးခဲ့ပါတယ်။

Up