အာဖရိကရဲ့ အကြီးဆုံးရေနံလုပ်ငန်းလုပ်ကိုင်ရာအဓိကနယ်မြေတခုဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံ ရေးဗားစ်ပြည်နယ်ရှိ အီမိုဟွာမြို့မှာ Shell ကုမ္ပဏီက ပိုင်ဆိုင်တဲ့ နိုင်ဂျီးရီးယား ရေနံပိုက်လိုင်းဟာ မတ် ၃ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် နောက်ထပ် လူတွေ ထပ်သေဆုံးမှာကို စိုးရိမ်နေကြပြီး Shell ရေနံဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ရေးဗားစ်ပြည်နယ်ရှိ ပိုက်လိုင်းမှာ မီးလောင်မှု ဖြစ်ခဲ့ကြောင်းနဲ့ မီးငြှိမ်းသတ်ဖို့အတွက် အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောပါတယ်။
ပေါက်ကွဲမှုဟာ မနက်အစောကြီး ၄ နာရီခွဲမှာ ဖြစ်ပွားခဲ့ကြောင်း အီမိုဟွာနယ်မြေ အရပ်ဘက်ကာကွယ်ရေးပြောရေးဆိုခွင့်ရှိသူ ဂါရူဘ ယာဘူကူက ပြောပါတယ်။
ပိုက်လိုင်းကနေ လောင်နေတဲ့မီးဟာ စွံပလွန်တောရဲ့ဘေးစွန်းနားက မော်တော်ယာဉ် ၅ စီးကိုပါ လောင်ကျွမ်းသွားတယ်လို့ ဆိုပါတယ်။
ရေနံပိုက်လိုင်း ပေါက်ကွဲမီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ အစိုးရဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က စုံစမ်းစစ်ဆေးမှု စတင်မှာဖြစ်ကြောင်း ကုမ္ပဏီပြောခွင့်ရသူက ပြောပါတယ်။
နိုင်ဂျီးရီးယားတောင်ပိုင်း ရေနံထုတ်လုပ်ရေး ဗဟိုချက်မနေရာမှာ ရေနံခိုးယူမှုနဲ့ ပိုက်လိုင်း ဖောက်ခွဲမှုတို့ အဖြစ်များပါတယ်။ လောင်စာဆီ ခိုးယူရာမှာ အသုံးပြုတဲ့နည်းလမ်းတွေဟာ မကြာခဏ ဆိုသလို မီးလောင်မှု ဖြစ်ပွားစေတာပါ။ မနှစ် ဧပြီလကလည်း အလားတူ ဘေးအန္တရာယ်ကြောင့် လူ ၁၀၀ သေဆုံးခဲ့ရပါသေးတယ်။
အာဖရိကရဲ့ လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယားမှာ အာဏာရပါတီ ကိုယ်စားလှယ်လောင်း ဘိုလာတီနူဘူကို ရွေးကောက်ခံသမ္မတအဖြစ် လွတ်လပ်တဲ့အမျိုးသားရွေးကောက်ပွဲကော်မရှင် (INEC) က မတ်လ ၁ ရက်မှာ ကြေညာပါတယ်။
ကျင်းပပြီးစီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဘိုလာတီနူဘူဟာ ဆန္ဒမဲ ၈ ဒသမ ၇၉ သန်း ရရှိခဲ့ပြီး၊ အဓိကအတိုက်အခံ အာတီကုအဘူဘာကာက မဲပေါင်း ၆ ဒသမ ၉၈ သန်း ရရှိခဲ့ကာ လူငယ်မဲဆန္ဒရှင်တွေအကြား ရေပန်းစားတဲ့ ပြင်ပကိုယ်စားလှယ် ပီတာအိုဘီက ဆန္ဒမဲ ၆ ဒသမ ၁ သန်း ရရှိခဲ့ပါတယ်။
လာဂို့စ်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းတီနူဘူဟာ နိုင်ငံအရှေ့မြောက်ဘက်ရှိ အစ္စလာမ္မစ် သောင်းကျန်းမှုတွေ၊ လက်နက်ကိုင်တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ ပြန်ပေးဆွဲမှုတွေ၊ တိရစ္ဆာန်ထိန်းကျောင်းသူတွေနဲ့ လယ်သမားတွေကြားက ပဋိပက္ခတွေ၊ ငွေသားပြတ်လပ်မှု၊ လောင်စာဆီပြတ်လပ်မှုနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေအပြင် နှစ်ရှည်လများ အကျင့်ပျက်ခြစားမှုတွေနဲ့ ရုန်းကန်နေရတဲ့ နိုင်ငံရဲ့ ခေါင်းဆောင်မှုကို တာဝန်ယူမှာ ဖြစ်ပါတယ်။
သမ္မတနေရာကနေ ဆင်းသွားတဲ့ မူဟမ်မာဒူ ဘူဟာရီရဲ့ ပါတီကလည်း အဲဒါတွေကို လုပ်မယ်လို့ ကတိပြုထားခဲ့ပေမဲ့ အကောင်အထည်ဖော် လက်စသတ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ အတိုက်အခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ရွေးကောက်ပွဲအပြီးမှာ အဓိက အတိုက်အခံပါတီတွေကတော့ မဲရလဒ်နဲ့ပတ်သက်လို့ အငြင်းပွားခဲ့ကြပါတယ်။
လွတ်လပ်တဲ့အမျိုးသားရွေးကောက်ပွဲကော်မရှင် (INEC) က နည်းပညာသစ်တွေ အသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲမှာ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေ ကြုံခဲ့ရရပြီး ချို့ယွင်းချက်ရှိတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကြောင့် မဲရလဒ်တွေကို အတိုက်အခံ ပါတီတွေက ပယ်ချခဲ့ပါတယ်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ မာမွဒ် ယာကုဘုကိုလည်း ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။