နိုင်ဂျီးရီးယားတွင် Shell ကုမ္ပဏီပိုင် ရေနံပိုက်လိုင်း ပေါက်ကွဲပြီး လူ ၁၂ ဦးသေဆုံး

အာဖရိကရဲ့ အကြီးဆုံးရေနံလုပ်ငန်းလုပ်ကိုင်ရာအဓိကနယ်မြေတခုဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံ ရေးဗားစ်ပြည်နယ်ရှိ အီမိုဟွာမြို့မှာ Shell ကုမ္ပဏီက ပိုင်ဆိုင်တဲ့ နိုင်ဂျီးရီးယား ရေနံပိုက်လိုင်းဟာ မတ် ၃ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် နောက်ထပ် လူတွေ ထပ်သေဆုံးမှာကို စိုးရိမ်နေကြပြီး Shell ရေနံဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ရေးဗားစ်ပြည်နယ်ရှိ ပိုက်လိုင်းမှာ မီးလောင်မှု ဖြစ်ခဲ့ကြောင်းနဲ့ မီးငြှိမ်းသတ်ဖို့အတွက် အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောပါတယ်။
ပေါက်ကွဲမှုဟာ မနက်အစောကြီး ၄ နာရီခွဲမှာ ဖြစ်ပွားခဲ့ကြောင်း အီမိုဟွာနယ်မြေ အရပ်ဘက်ကာကွယ်ရေးပြောရေးဆိုခွင့်ရှိသူ ဂါရူဘ ယာဘူကူက ပြောပါတယ်။
ပိုက်လိုင်းကနေ လောင်နေတဲ့မီးဟာ စွံပလွန်တောရဲ့ဘေးစွန်းနားက မော်တော်ယာဉ် ၅ စီးကိုပါ လောင်ကျွမ်းသွားတယ်လို့ ဆိုပါတယ်။
ရေနံပိုက်လိုင်း ပေါက်ကွဲမီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ အစိုးရဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က စုံစမ်းစစ်ဆေးမှု စတင်မှာဖြစ်ကြောင်း ကုမ္ပဏီပြောခွင့်ရသူက ပြောပါတယ်။
နိုင်ဂျီးရီးယားတောင်ပိုင်း ရေနံထုတ်လုပ်ရေး ဗဟိုချက်မနေရာမှာ ရေနံခိုးယူမှုနဲ့ ပိုက်လိုင်း ဖောက်ခွဲမှုတို့ အဖြစ်များပါတယ်။ လောင်စာဆီ ခိုးယူရာမှာ အသုံးပြုတဲ့နည်းလမ်းတွေဟာ မကြာခဏ ဆိုသလို မီးလောင်မှု ဖြစ်ပွားစေတာပါ။ မနှစ် ဧပြီလကလည်း အလားတူ ဘေးအန္တရာယ်ကြောင့် လူ ၁၀၀ သေဆုံးခဲ့ရပါသေးတယ်။