ယီမင်နိုင်ငံတောင်ပိုင်း အေဒင်ဆိပ်ကမ်းမြို့က နိုင်ငံတကာလေဆိပ် ဝင်ပေါက်တွေနားမှာ အောက်တိုဘာ ၃၀ ရက်က ပေါက်ကွဲမှုတခုဖြစ်လို့ လူ ၆ ယောက်ထက် မနည်း သေဆုံးတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
လူ အယောက် ၂၀ လောက်လည်း ဒဏ်ရာရပြီး ဒီပေါက်ကွဲမှုဟာ တိုက်ခိုက်မှုကြောင့် ဖြစ်တာလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
လေဆိပ်အပြင်ဘက် ဝင်ပေါက်မှာ ကုန်ကားအသေးတစီး ပေါက်ကွဲခဲ့တယ်လို့ လေဆိပ်အရာရှိ တယောက်က ပြောကြောင်း သတင်းက ဆိုပါတယ်။
ကားဟာ ရေနံထွက်ကုန်တွေကို သယ်လာတယ်လို့ ဒေသခံ အရာရှိတယောက်နဲ့ လုံခြုံရေး သတင်းရင်းမြစ်နှစ်ရပ်က ပြောပါတယ်။
ပေါက်ကွဲမှုက အားပြင်းတာကြောင့် တမြို့လုံး ကြားခဲ့ရပြီး အနားက ဒေသခံ နေအိမ်တွေရဲ့ ပြတင်းပေါက်တွေလည်း ကွဲကုန်ခဲ့ပါတယ်။
အေဒင်ဟာ ယီမင်နိုင်ငံရဲ့ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရ ယာယီ ရုံးစိုက်ရာ မြို့ပါ။
ဒီအစိုးရဟာ ဆော်ဒီအာရေဗျ ဦးစီးတဲ့ ညွန့်ပေါင်းတပ်ရဲ့ အစိတ်အပိုင်းလည်းဖြစ်ပြီး အီရန်နဲ့ မဟာမိတ် ဟူသီတပ်ဖွဲ့တို့နဲ့ စစ်ပွဲ ဖြစ်နေတာ ၇နှစ် ကြာပါပြီ။
ဒါပေမယ့် ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့အောက်က အစိုးရနဲ့ တောင်ပိုင်း ခွဲထွက်ရေး အုပ်စုတွေကြား တင်းမာမှုတွေ ဆူပွက်နေတာပါ။
ဒီလအစောပိုင်းကလည်း အေဒင်မြို့မှာ အုပ်ချုပ်ရေးမှူး စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းကို ပစ်မှတ်ထားပြီး ကားဗုံးဖောက်ခွဲတာခံရလို့ လူ ၆ ယောက်ထက် မနည်း သေဆုံးပြီး လူအချို့ ဒဏ်ရာရခဲ့ကာ အုပ်ချုပ်ရေးမှူးကတော့ မသေဘဲရှင်သန်ခဲ့ပါတယ်။
ကိုဗစ်-၁၉ ရောဂါကြောင့် ထိုင်းနိုင်ငံမှာ နယ်စပ်တွေ ၂ လနီးပါး ပိတ်ထားခဲ့အပြီး နိုဝင်ဘာ ၁ ရက်မှာ ပြန်မဖွင့်ခင် နိုင်ငံတကာလေဆိပ်တွေ ပြန်ဖွင့်ဖို့ အဆင်သင့် ဖြစ်မဖြစ်ကို သယ်ယူပို့ဆောင်ရေးဝန်ကြီး ဆက်ခ်စီယံ ချစ်ချော့ဘ်က အောက်တိုဘာ ၂၀ ရက်မှာ စစ်ဆေးခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ လာမယ့်လမှာ ကပ်ဘေးအန္တရာယ် နည်းပါးတဲ့နိုင်ငံတွေက ကာကွယ်ဆေး ထိုးပြီးသား ခရီးသည်တွေနိုင်ငံရဲ့ ခရိုင် ၁၇ ခုဆီ လာတဲ့အခါ ရောဂါခြေချုပ် ကွာရန်တင်း မထားဘဲ လွတ်လွတ်လပ်လပ် လမ်းဖွင့်ပေးဖို့ တွန်းအားပေး ဆောင်ရွက် နေပါတယ်။
ဖွင့်ပေးမယ့် နေရာတွေထဲမှာ ပတ္တရား၊ ဟွာဟင်း၊ ချင်းမိုင်နဲ့ ဘန်ကောက်မြို့တွေ ပါပါတယ်။
နိုဝင်ဘာ ၁ ရက်ဟာ ပထမခြေလှမ်းဖြစ်ပြီး ကျန်းမာရေးဘေးကင်းတဲ့ ဇုန်ထဲက ၁၀ နိုင်ငံထက် မနည်းတဲ့ နိုင်ငံတွေက နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဝန်ကြီးချုပ်က မျှော်လင့်ထားပြီး ဒီလူတွေက ဘဏ္ဍာရေးအရ လာရောက် လည်ပတ် သုံးစွဲနိုင်ဖို့လည်း မျှော်လင့်ထားတယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။
ဧည့်သည်တွေအတွက် လုပ်ထုံးလုပ်နည်းတွေကိုလည်း တတ်နိုင်သလောက် လေဆိပ်မှာပဲ လုပ်ဖို့ ခွင့်ပြုသွားမှာဖြစ်ပြီး ဆေးစစ်တာတွေကိုတော့ ဟိုတယ်နဲ့ ဧည့်သည်တွေ တည်းခိုရာ နေရာတွေမှာ လုပ်သွားမယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။
လုပ်ထုံးလုပ်နည်းတွေကို လုပ်ရင်း ခရီးသည် တယောက် လေဆိပ်ခန်းမကို ဖြတ်ထွက်သွားဖို့ အစအဆုံး ကြာချိန်က ၂၅ မိနစ်ထက်မပိုဘူးလို့ ဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီနောက်မှာတော့ ခရီးသည်တွေဟာ လေဆိပ် ကြိုပို့ယာဉ်တွေ ဘတ်စ်ကားတွေနဲ့ သူတို့ တည်းခိုမယ့် နေရာဆီ ဆက်သွားနိုင်ပါပြီ။
ထိုင်းနိုင်ငံမှာ အောက်တိုဘာ ၂၀ ရက်အထိ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ အတည်ပြုလူနာဦးရေ စုစုပေါင်းဟာ ၁ ဒသမ ၈သန်း ရှိပြီး ကူးစက်ခံ သေဆုံးသူဦးရေ စုစုပေါင်း ၁၈၄၈၆ ယောက် ရှိပါတယ်။၊
ကူးစက်ခံရသူ စုစုပေါင်းရဲ့ ၉၈ ရာခိုင်နှုန်းဟာ ကျန်ခဲ့တဲ့ ၇ လအတွင်း ကူးစက်ခံ သေဆုံးခဲ့တာလို့ ရိုက်တာက ဖော်ပြပါတယ်။