ယီမင်ရှိ နိုင်ငံတကာလေဆိပ်တွင် ပေါက်ကွဲမှုဖြစ်ပြီး ၆ ဦး သေဆုံး

ယီမင်နိုင်ငံတောင်ပိုင်း အေဒင်ဆိပ်ကမ်းမြို့က နိုင်ငံတကာလေဆိပ် ဝင်ပေါက်တွေနားမှာ အောက်တိုဘာ ၃၀ ရက်က ပေါက်ကွဲမှုတခုဖြစ်လို့ လူ ၆ ယောက်ထက် မနည်း သေဆုံးတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
လူ အယောက် ၂၀ လောက်လည်း ဒဏ်ရာရပြီး ဒီပေါက်ကွဲမှုဟာ တိုက်ခိုက်မှုကြောင့် ဖြစ်တာလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
လေဆိပ်အပြင်ဘက် ဝင်ပေါက်မှာ ကုန်ကားအသေးတစီး ပေါက်ကွဲခဲ့တယ်လို့ လေဆိပ်အရာရှိ တယောက်က ပြောကြောင်း သတင်းက ဆိုပါတယ်။
ကားဟာ ရေနံထွက်ကုန်တွေကို သယ်လာတယ်လို့ ဒေသခံ အရာရှိတယောက်နဲ့ လုံခြုံရေး သတင်းရင်းမြစ်နှစ်ရပ်က ပြောပါတယ်။
ပေါက်ကွဲမှုက အားပြင်းတာကြောင့် တမြို့လုံး ကြားခဲ့ရပြီး အနားက ဒေသခံ နေအိမ်တွေရဲ့ ပြတင်းပေါက်တွေလည်း ကွဲကုန်ခဲ့ပါတယ်။
အေဒင်ဟာ ယီမင်နိုင်ငံရဲ့ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရ ယာယီ ရုံးစိုက်ရာ မြို့ပါ။
ဒီအစိုးရဟာ ဆော်ဒီအာရေဗျ ဦးစီးတဲ့ ညွန့်ပေါင်းတပ်ရဲ့ အစိတ်အပိုင်းလည်းဖြစ်ပြီး အီရန်နဲ့ မဟာမိတ် ဟူသီတပ်ဖွဲ့တို့နဲ့ စစ်ပွဲ ဖြစ်နေတာ ၇နှစ် ကြာပါပြီ။
ဒါပေမယ့် ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့အောက်က အစိုးရနဲ့ တောင်ပိုင်း ခွဲထွက်ရေး အုပ်စုတွေကြား တင်းမာမှုတွေ ဆူပွက်နေတာပါ။
ဒီလအစောပိုင်းကလည်း အေဒင်မြို့မှာ အုပ်ချုပ်ရေးမှူး စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းကို ပစ်မှတ်ထားပြီး ကားဗုံးဖောက်ခွဲတာခံရလို့ လူ ၆ ယောက်ထက် မနည်း သေဆုံးပြီး လူအချို့ ဒဏ်ရာရခဲ့ကာ အုပ်ချုပ်ရေးမှူးကတော့ မသေဘဲရှင်သန်ခဲ့ပါတယ်။