“မကောင်းမှုဟူသည်ဆိတ်ကွယ်ရာမရှိ”ဆိုသော မြန်မာ့ဆိုရိုးစကား ရှိသည်။ ထိုစကား မှန်နိုင်ဖွယ်ရာရှိသည်ဟု ထင်သည်။ အဘယ်ကြောင့်ဆိုမူ နိုင်ငံတော်လုပ်ကြံမှုတွင် ကျဆုံးခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံခေါင်းဆောင်ကြီးတို့ ကျဆုံးခဲ့ရသည်မှာ နှစ်ပေါင်း ၇၄ နှစ်ပင် ပြည့်ခဲ့သော်လည်း လုပ်ကြံသူတို့နှင့် ပတ်သက်သော သံသယတို့ကား တိုးပွားနေဆဲဖြစ်သည်။
တချိန်က လျှို့ဝှက်ထားခဲ့ကြသော ကိစ္စရပ်များကို ယခုအချိန်တွင် ပြန်လည်ဖော်ထုတ်လာသည်ကို တွေ့နေရသည်။ မကြာမီကပင် သမိုင်းပညာရှင် ဒေါက်တာအောင်ခင်၏ Who Killed Aung San ဆိုသော စာအုပ် ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် ပြည်တွင်းပြည်ပ ပညာရှင်တို့ ရှာဖွေဖော်ထုတ်ခဲ့ကြသော အချက်လက်အသစ်များလည်း ပေါ်ထွက်လာခဲ့ပါသည်။
အဆိုပါစာအုပ်များ မထွက်မီကတည်းက ရှေ့မီနောက်မီ နိုင်ငံရေးသမားတို့၏ ပြောပြချက်များတွင်လည်း ဂဠုန်ဦးစောအပြင် ကြံရာပါတွေ ရှိသေးသည်ဆိုသော အချက်ဖြင့် မေးမြန်းရှာဖွေခဲ့သည့် မှတ်ချက်များကိုလည်း ပြန်လည်သုံးသပ်ကြည့်မိသည်။
အထူးသဖြင့် နိုင်ငံတော်လုပ်ကြံမှု တရားခွင်စစ်ဆေးချက်အချို့ကို ပြန်လေ့လာမိသည်။ ထိုမှတ်တမ်းများထဲမှ လက်လှမ်းမီရာ ရှာကြည့်သောအခါတွင် စိတ်ဝင်စားစရာ အချက်အချို့ကို ဂဠုန်စောနှင့် သူ့ရှေ့နေတို့ စစ်ဆေးချက်မှတ်တမ်း၌…. “စောရန်နောင်က နိုင်ငံရေးနယ်ထဲမှာ နေချင်ရင် ၁၉၄၇ နိုင်ငံရေးကို လုပ်ရမယ်လို့ ကျနော့်အားပြောပါတယ်။ ဘညွန့်က ထောက်ခံပါတယ်။ သူတို့နှစ်ယောက်ကပဲ ဝန်ကြီးအဖွဲ့ဝင်များနှင့် ဖဆပလ ခေါင်းဆောင်များကို သုတ်သင်ပစ်ရင် ကောင်းမယ်လို့ ပြောပါတယ်” ဟု ဂဠုန်ဦးစောက ခုံရုံးတွင် ထွက်ဆိုခဲ့သည်။
ထိုစကားကို ပြောသောအချိန်ကို မေးရာ၌ ဖေဖော်ဝါရီလနှင့် မတ်လခန့်ကဟု ဆိုပါသည်။ ထို့နောက်ရှေ့နေချုပ်ကြီးနှင့် တရားသူကြီးအဖွဲ့ဝင် ဦးစီဗူးတို့၏ အမေးကိုဖြေဆိုရာတွင်…။ စောရန်နောင် သူ့ထံလာခဲ့တာ ဖေဖော်ဝါရီလဆန်းမှာပါ။ စောရန်နောင် အိမ်ကိုလာတိုင်း ရဲဘော် တယောက်နှစ်ယောက် ပါလာလေ့ရှိကြောင်း၊ ဘညွန့်နှင့် စောရန်နောင်က ပြည်သိမ်းစီမံကိန်းကို ဖတ်ပြကြောင်း၊ ဒီစီမံကိန်းက ခေါင်းဆောင်တွေကို လုပ်ကြံပြီး အာဏာကို လုယူဖို့ တိုင်းပြည်ကို သိမ်းဖို့ဖြစ်ကြောင်း၊ စာမျက်နှာ ၅ မျက်နှာရှိကြောင်း၊ ထိုစာအောက်မှာ ဘညွန့်၊ စောရန်နောင်နှင့် သူ လက်မှတ်ထိုးထားကြောင်း၊ ရဲချုပ်ဦးထွန်းလှအောင် လာစဉ်က စောရန်နောင်နှင့် ဘညွန့် လက်မှတ်ရေးထိုးထားသော စာတမ်းကို တွေ့ပါကြောင်း ဦးထွန်းလှအောင်က ပြောသွားပါကြောင်း၊ ဧပြီ ၁၃ ရက်နေ့တွင် စောရန်နောင်က ဦးစောအိမ်တွင် စာစီပြီး ဗိုလ်မှူးအောင်ထံသို့ မြန်မာပြည်လုံးဆိုင်ရာ ပြည်သူ့ရဲဘော် အသေခံတပ်ဗိုလ်အဖြစ်မှ နုတ်ထွက်စာပို့ကြောင်းတို့ကို ထွက်ဆိုသွားခဲ့သည်။
အဆိုပါထွက်ချက်များကို လေ့လာရာတွင် ဦးစောသည် သူ့အပြစ်မှ လွတ်မြောက်ရန် ထွက်ဆိုခဲ့သည်ဟု ဆိုနိုင်သော်လည်း စောရန်နောင်ဆိုသောသူနှင့် ပတ်သက်သော အချက်အချို့မှာ မှန်နိုင်ဖွယ်ရာဖြစ်သည်ဟုလည်း မှန်းဆနိုင်ပါသည်။ တရားရုံးတင်သော သက်သေခံစာရွက် အချို့အရ စောရန်နောင်သည် ပြည်သူ့ရဲဘော်မှ နုတ်ထွက်စာကလည်း ရှိနေပါသည်။ သို့သော် ၎င်းတို့သုံးဦး လက်မှတ်ထိုးထားသော “ပြည်သိမ်းစီမံကိန်း” စာတမ်းကိုကား သက်သေခံ မတင်နိုင်ခဲ့သည်ကို တွေ့ရသည်။ အနည်းဆုံး အမှန်တဝက် ပါရှိသည်ဆိုလျှင်ပင် စောရန်နောင်အကြောင်းမှာ စိတ်ဝင်စားစရာ ပဟေဠိတခု ဖြစ်လာတော့သည်။
အမှန်မှာ စောရန်နောင်သည် ပြည်သူ့ရဲဘော် အစစ်မဟုတ်ဟု ဆိုပါသည်။ ယင်းအကြောင်းကို ဗိုလ်စက်ရောင်၏ ပြောပြချက်ကို ကိုးကား၍ ဆရာနေမင်းက “စောရန်နောင်မှာ ဆိုရှယ်လစ်ပါတီ၏ လျှို့ဝှက် စစ်ရေးခေါင်းဆောင်တယောက် ဖြစ်သည်” ဟု ဆိုပါသည်။ ဗိုလ်စက်ရောင်၏ ပြောပြချက်မှာ “စောရန်နောင်ကို အရှင်ဖမ်းမိရင် ဆိုရှယ်လစ်ပါတီနဲ့ ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှု ဘယ်လိုဆက်စပ်နေတယ်ဆိုတာ ပေါ်မှာပဲဆိုပြီး တို့ ပြည်သူ့ရဲဘော်တွေကလည်း ဒီကောင်ကို လိုက်ရှာတာပဲ။ မတွေ့ဘူး။ ဆိုရှယ်လစ်ပါတီဂိုဏ်းသား ဗိုလ်ကြာညွန့်နဲ့ ဗိုလ်တင်အောင် (မြေပဒေသာ စီမံကိန်း အထူးအရာရှိ၊ ဂျစ်ကားမှောက်၍ သေဆုံးသူ) တို့က ပဲခူးဘက်မှာ စောရန်နောင်ကို အရင်ဖမ်းမိခဲ့၍ ချုပ်နှောင်ခေါ်လာစဉ် ထွက်ပြေးလို့ ပစ်သတ်ခဲ့တယ်ဆိုပြီး နိဂုံးချုပ်သွားတယ်ကွာ။ ငါ ဒီဇာတ်လမ်းကိုမယုံဘူး” ဟု ဆိုခဲ့ပါသည်။ ဆက်၍ သခင်ကြည်ရှိန်၏ ဖွင့်ဟဝန်ခံချက်တွင် “စောရန်နောင်အား ပဲခူး ၁၀ မိုင်ကုန်းတွင် ထွက်ပြေးသဖြင့် ပစ်သတ်လိုက်ရသည်မှာ မမှန်ကြောင်း။ တမင်ပစ်သတ်ခြင်းဖြစ်ကြောင်း။ စောရန်နောင်၏လုပ်ရပ်သည် ဆိုရှယ်လစ်ပါတီအတွက် သိက္ခာကျစရာဖြစ်နေ၍ ဇာတ်လမ်းမရှုပ်အောင် ဗိုလ်ကြာညွန့်တို့ သတ်ပစ်ခဲ့သည်” ဟု စာပြန်ခဲ့ကြောင်းကို ဆရာနေမင်းက ဖော်ပြ မှတ်တမ်းတင်ထားသည်ကိုလည်း တွေ့ရသည်။
တဆက်တည်း နိုင်ငံတော်လုပ်ကြံမှု တရားခွင်ထွက်ချက်များကိုကြည့်လျှင် တရာခံရှေ့နေ ကာတစ်ဘင်းနက်အမေးကို ထိုစဉ်က ပဲခူးရာဇဝတ်ဝန် ဦးဘို၏ ထွက်ချက်၌… “ထိုအခါက ပဲခူးရာဇဝတ်ဝန် မဟုတ်သေးပါ။ စောရန်နောင် သေဆုံးမှု အမှုတွဲရှိပါသည်။ စောရန်နောင်သေဆုံးမှုကို ပဲခူးမြို့ တတိယ ရာဘက်တရားသူကြီး စစ်ဆေးရပါသည်။ စောရန်နောင်ကို ဗိုလ်ချုပ်လုပ်ကြံမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၂၃ ရက်နေ့က လက်နက်ကိုင် ပြည်သူ့ရဲဘော်များက ဒိုက်ဦးမှာဖမ်းဆီးပြီး ပဲခူးမှ ရန်ကုန်သို့ ခေါ်လာသည်။ အမှုတွဲတွင် ပါရှိသည်။ စောရန်နောင်ကို ဂျစ်ကားဖြင့်ခေါ်လာပြီး ၁၀ မိုင်ရောက်တော့ ကားပေါ်မှ ထွက်ပြေးမည်လုပ်သည့်အတွက် ပစ်သတ်ကြောင်း ပါရှိပါသည်” ဟု ထွက်ဆိုသည်။
တဆက်တည်း ရှေ့နေက “သူ့ကို ဘာအမှုနဲ့ဖမ်းသလဲ” ဟု မေးရာတွင် ဦးဘိုက “အမှုတွဲမှာ ဒီအကြောင်း ဘာမှမပါရှိပါ” ဟု ပြန်လည်ဖြေကြားခဲ့သည့် မှတ်တမ်းလည်း ရှိပါသည်။ သို့ဆိုလျှင် “အမှုတွဲမရှိဘဲ အဘယ့်ကြောင့် ဖမ်းရသနည်း” ဆိုသည်မှာ စဉ်းစားဖွယ်ရာ ပဟေဠိတခု ဖြစ်လာသည်။ ဖမ်းသူများမှာလည်း ဆိုရှယ်လစ်ပါတီနှင့် ဆက်စပ်နေသော လက်နက်ကိုင် ပြည်သူ့ရဲဘော်ဟု ယူဆရသော ဗိုလ်ကြာညွန့်တို့လူစု ဖြစ်နေပြန်ပါသည်။ ဖမ်းသည့်ရက်နှင့် အစဖျောက်လိုက်သည့်ရက်မှာ ဇူလိုင် ၂၃ ရက်ဖြစ်သည်။ အဓိကတရားခံ ဦးစောကိုပင် စွဲချက်မတင်ရသေး။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး ၄ ရက်မြောက်နေ့ပင်ဖြစ်သည်။ သံသယတို့ ပွားမည်ဆိုက ပွားချင်စရာပင်။ ထိုသံသယတို့ ပိုခိုင်စေသည့်အချက်မှာ ရှေ့နေ ကာတစ်ဘင်းနက်အမေးကို ထိုစဉ်က ရဲချုပ် ဦးထွန်းလှအောင်က ဖြေဆိုရာတွင်…“စောရန်နောင်ကို ပလိပ်က ဖမ်းသည်မဟုတ်ပါ။ ပစ်ခတ်သည့်အမှုကိုလည်း ပလိပ်က စုံစမ်းသေးလားမသိပါ။ စောရန်နောင်ကို အရန်ပြည်သူ့ရဲဘော် အထူးပလိပ်အဖွဲ့က ဖမ်းပါတယ်” ဟု ဖြေကြားခဲ့သည်။ အမှုတွဲမှတ်တမ်းမရှိဘဲ ဖမ်းဆီးခဲ့ခြင်းမှာ ထိုစဉ်က နိုင်ငံရေးသမားတို့ကြား ပဟေဠိတခု ဖြစ်ခဲ့ကြသည်ဟု ဆိုကြပါသည်။
ဤသည်တို့ကို ထောက်ရှု၍ စောရန်နောင်သည် အစဖျောက်ခံရသော တရားခံတဦးအဖြစ် ယူဆနိုင်ပါသည်။ ယင်းကဲ့သို့ လက်စအဖျောက်ခံလိုက်ရသဖြင့် စောရန်နောင်အား ဂဠုန်ဦးစောထံသို့ မည်သူက မည်သည့်ကိစ္စကြောင့် စေလွှတ်လိုက်သနည်း။ ဗိုလ်ချုပ်နှင့် ဝန်ကြီးအဖွဲ့ကို လုပ်ကြံရန် ဖေဖော်ဝါရီလကတည်းက ဘညွန့်နှင့် စောရန်နောင်တို့က ဂဠုန်စောကို သွေးထိုးလှုံ့ဆော်ရန် မည်သူလွှတ်ခဲ့သနည်း။ စောရန်နောင်သည် ဆိုရှယ်လစ်ပါတီ၏ လျှို့ဝှက်စစ်ရေးခေါင်းဆောင်တယောက် ဆိုသည်မှာ မှန်ခဲ့လျှင် ထိုစဉ်က ဆိုရှယ်လစ်ပါတီ၏ တာဝန်မကင်းပေ။ ထို့အပြင် ဆိုရှယ်လစ်ပါတီ၏ လက်နက်ကိုင် ပြည်သူ့ရဲဘော် ဗိုလ်ကြာညွန့်တို့က ပစ်သတ်ခဲ့သည်မှာ မှန်ခဲ့လျှင်… အမှန်တကယ်ပင် နိုင်ငံတော်လုပ်ကြံမှု၏ အဓိကကွင်းဆက်ကို အစဖျောက်ခဲ့ကြသည်ဟု ဆိုရန်သာ ရှိပါတော့သည်။
ထွန်းဇော်ဌေး
ကနေ့အခါမယ် နိုင်ငံတော်အကြည်ညိုပျက်စေမှုတွေနဲ့ တရားစွဲတာ များလှတယ်။ အဓမ္မဘက်တော်သား၊ စာတန်မာနတ်လက်ပါးစေများက နိုင်ငံတော်သားများကို တပြန်စီး စွဲဆိုချက်တွေပေါ့။ တကယ်တော့ နိုင်ငံတော်ကို အဓမ္မပြုကျင့် ခြစားတဲ့ ဒီလောက်ကောင်တွေကသာ ပြည်ထောင်စုနိုင်ငံတော်ကို လုပ်ကြံတာ၊ ပြည်ထောင်စုသားအားလုံး ပျက်သုဉ်းကုန်အောင် လုပ်ကြံဖျက်ဆီးနေတာပါ။
တခါက “ပြည်ထောင်စုနှင့် ဦးစော”ဆိုတဲ့ နိုင်ငံတော်လုပ်ကြံမှု သမိုင်းဝင်ခဲ့တယ်။ ၁၉၄၇ ဇူလိုင် ၁၉ မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံခေါင်းဆောင်များကို ဂဠုန်ဦးစောနဲ့ အပေါင်းအပါများက လုပ်ကြံသတ်ဖြတ်ခဲ့မှုပါ။ ဒီအမှုကို “နိုင်ငံတော်လုပ်ကြံမှု (ပြည်ထောင်စုနှင့် ဦးစော)” လို့ ဒေါက်တာမောင်မောင်က မှတ်တမ်းတင်ထားတယ်။ ဒီလုပ်ကြံမှု ဖြစ်မြောက်အောင် တိုက်ရိုက်၊ သွယ်ဝိုက် ပါဝင်ပတ်သက်သူတွေ ရှိတယ်။ ဒီလုပ်ကြံမှုနောက်ဆက်တွဲ အသက်ပေးသွားရ သူတွေ ရှိတယ် ... အမြတ်ထွက်သူတွေ ... အမြတ်ထုတ်သူတွေ ... သမိုင်းနိဂုံး အဆုံးမလှသူတွေ ... ရှိလေရဲ့။
၂၀၀၃ မေ ၃၀ မှာလည်း “နိုင်ငံတော်လုပ်ကြံမှု” တခုကို စစ်မိစ္ဆာများက ကျူးလွန်ခဲ့ကြတယ်။ ဒီနေ့ဟာ မေ ၃၀။ “ဒီပဲယင်း အရေးအခင်း”လို့ လူသိများ အမှတ်ထားတဲ့နေ့ပေါ့။ ၂၀၀၃ မေ ၃၀ ဒီပဲယင်း ကျည်ရွာမှာ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်မိစ္ဆာ ငရဲသားများက သတ်ဖြတ်ဖို့ လုပ်ကြံကြိုးပမ်းခဲ့တဲ့ သမိုင်းဝင်နေ့ပေါ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး မသေမပျောက်၊ ဒဏ်ရာရရုံဖြစ်ပေမဲ့ ပြည်သူအများအပြား သေကျေပျက်စီးခဲ့ရတယ်။
ဒီနေ့ကို ကဗျာဆရာ “လှသန်း”က “ဒီပရင်္ဂ” ကဗျာနဲ့ မှတ်တမ်းတင်ထားတယ်။ ဒီကဗျာကို ၂၀၀၈ ခုနှစ် ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်းမှာ “ကြည်မောင်သန်း” ကလောင်နာမည်နဲ့ ဖော်ပြခဲ့တယ်။ “ဒီမြို့မှာ သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ် ... ဒီမြို့မှာ သစ္စာ ဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ် ... ဒီမြို့မှာ လူငယ်လေးတယောက် သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ် ... ဒီမြို့မှာ အမျိုးသမီး တယောက် သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ် ... ဒီမြို့မှာ အံကြိတ်ရ တက်ခေါက်ရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့တယ် ...“ စသဖြင့်။
ပြည်ထောင်စုသားအများရဲ့ မျှော်လင့်ချက်ကို အကောင်အထည်ဖော်ပေးမယ့်သူလို့ ပြည်သူများက ယုံကြည်မျှော်လင့်လို့မို့ ကိုးစားထောက်ခံသူကို လုပ်ကြံတာဟာ “နိုင်ငံတော်လုပ်ကြံမှု”။ နိုင်ငံသူနိုင်ငံသားများရဲ့ ခန္တာ၊ စိတ်၊ ဝိညာဉ်ကို နှိပ်စက် ညှဉ်းပန်း၊ သတ်ဖြတ်၊ ချေမှုန်း၊ ဖျက်ဆီးတာဟာ “နိုင်ငံတော်လုပ်ကြံမှု”။ ဒါနဲ့များ သူတို့ကိုယ်သူတို့ “နိုင်ငံတော်” ရယ်လို့ မနှိုင်းအပ်ရာ ရွှေစင်နဲ့ မစင် မတန်မရာ ရောယောင် အခေါ်ခံချင်သေးတယ်။ “နိုင်ငံတော်အကြီးအကဲ”ဆိုပြီး ယီးတီးယောင်တောင် ရေးလိုရေး။
တကယ်တော့ နိုင်ငံတော်ကို အစဉ်အဆက် တောက်လျှောက် လုပ်ကြံဖျက်ဆီးခဲ့သူများဟာ “နိုင်ငံတော်လုပ်ကြံမှု” ပေါင်းများစွာ ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲဖြစ်ပါတယ်။ ၁၉၄၇ … ၁၉၅၈ … ၁၉၆၂ … ၁၉၈၈ … ၂၀၀၃ … စတဲ့ လုပ်ကြံမှုများကို မြင်ယောင်ကြည့်ပါလေ။ ပြည်ထောင်စုမြေကို ထယ်ထိုးလိုက်ရင် ပြည်သူ့အသွေးများ အငွေ့တလူလူ၊ ပြည်သူ့ အရိုးများ တွန်ပေလိမ့်မယ်။ ပြည်သူ့အာဇာနည်များရဲ့ တက်ခေါက်သံများ မြည်ဟိန်းပေလိမ့်မယ်။
ဟော … အခု … ၂၀၂၁။ စစ်ဗိုလ်တမတ်သား ပါဝင်တဲ့၊ တနည်းအားဖြင့် ရွှေစင်ထဲ မစင်တပဲသားမက ပါနေတဲ့ နိုင်ငံ့ လွှတ်တော်များကို ပြည်သူများက အောင့်အည်းသည်းခံပြီး နိုင်ငံတော်တည်ဆောက်ရေး၊ ပြည်ထောင်စုကယ်တင်ရေး ရှေးရှုမြော်ကိုးပြီး လက်ခံခဲ့ကြရတယ်။ ခုတော့ မင်းသားကြီးမလုပ်ရတဲ့ ဘီလူးများက ပတ်မကြီးကို ထိုးဖောက်မှု ကျူးလွန်သွားကြပြီ။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ဟာ ကနေ့ “နိုင်ငံတော်လုပ်ကြံမှု”။
အညွန့်လူစ နိုင်ငံတော်နဲ့ ပြည်သူ့မျှော်လင့်ချက် အစို့အညှောက်များ ကျေမွပျက်သုဉ်းရပြီ။ နိုင်ငံတော်သားများကို ငရဲသားများက သတ်ဖြတ်ညှဉ်းပန်းကြပြန်ပြီ။ ပြည်သူ့ဆန္ဒ ခံယူမယ် ဆိုသူများက ပြည်သူ့ဆန္ဒ တကယ်မြင်ရတော့ ပြည်သူ့ဆန္ဒ ရလဒ်ဟာ မရိုးသားပါဘူးရယ်လို့ “မုသားရဲ့အဘ” “စာတန်မာနတ်” ဘက်တော်သားများက ကပြောင်းကပြန် စွပ်စွဲကြပြီ။ ပြည်သူများကို ရန်သူသဖွယ်၊ စစ်မြေပြင်သဖွယ်၊ ပုရွက်ဆိတ်ကို အမြောက်နဲ့ ထုချေသလို ရက်ရက်စက်စက် ပြုမူ စော်ကား ဖျက်ဆီးကြပြီ။
အမှုဟောင်း မြောက်မြားစွာကို သင်ပုန်းချေဖို့ နိုင်ငံတော်သား ပြည်သူများဘက်က ကျေအေးကမ်းလှမ်းလို့တောင် မဆုံးသေးခင် ၂၁ ရာစုရဲ့ နိုင်ငံတော်ကို လောဘ အတောမသတ်တဲ့ မောဟဘက်တော်သားများက ဒေါသတကြီး ရိုင်းစိုင်း ရက်စက်ကြပြီ။
ဒါကို “နိုင်ငံတော်လုပ်ကြံမှု (ပြည်ထောင်စုနိုင်ငံတော်နှင့် မင်းအောင်လှိုင်)” လို့ ခေတ်သစ်သမိုင်းဆရာက မှတ်တမ်းတင်ပေလိမ့်မယ်။ ပြည်သူ့တရားခွင်၊ နိုင်ငံတော်ခုံရုံး၊ နိုင်ငံတကာတရားရုံးများမှာ ဒီအမှုကို ကြားနာစစ်ဆေး စီရင်ဆုံးဖြတ်မဲ့နေ့ ရောက်ကိုရောက်ရမယ်။
"ဒီပရင်္ဂ"
ပုံပြင်ထဲက မြို့လည်း မဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇဝင်ထဲက မြို့တမြို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းက ရှိတဲ့မြို့တမြို့
သမိုင်းဝင် မြို့တမြို့။
ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။
အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။
သာသနိက အဆာက်အအုံတွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေထွန်းကား
တခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တမြို့။
အလောင်းဘုရား လက်ထက်မှာ
အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကို စားရ
ဘိုးတော်ဘုရား လက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန်။
ဘုံခန်းပျို့ဆရာ အရှင် အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာအရှင်ဝံသ
အတုလဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော် အရှင်ဇိန
အယူတော်မင်္ဂလာ ဦးနိုး
လယ်တီဆရာတော်
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။
ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ် ယုတ်မာတဲ့ မြို့ဝန် ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတယောက်
သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီး တယောက်
သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။
တနေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမယ့်
ရုတ်တရက် မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကော ပပျောက်သွားအောင် ရွာတဲ့ မိုးမို့
အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။
မုံရွာ-ရေဦး လမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည်မိတဲ့အခါ
အတိတ် တစ္ဆေက ငါ့ကို ခြောက်လှန့် နေလေရဲ့။
(လှသန်း ကဗျာပေါင်းချုပ်မှ)
နေထူး
(မေ ၃၀၊ ၂၀၂၁၊ ဒီပဲယင်း ၁၈ နှစ်ပြည့်)