နိုင်ငံတော်လုပ်ကြံမှု

ကနေ့အခါမယ် နိုင်ငံတော်အကြည်ညိုပျက်စေမှုတွေနဲ့ တရားစွဲတာ များလှတယ်။ အဓမ္မဘက်တော်သား၊ စာတန်မာနတ်လက်ပါးစေများက နိုင်ငံတော်သားများကို တပြန်စီး စွဲဆိုချက်တွေပေါ့။ တကယ်တော့ နိုင်ငံတော်ကို အဓမ္မပြုကျင့် ခြစားတဲ့ ဒီလောက်ကောင်တွေကသာ ပြည်ထောင်စုနိုင်ငံတော်ကို လုပ်ကြံတာ၊ ပြည်ထောင်စုသားအားလုံး ပျက်သုဉ်းကုန်အောင် လုပ်ကြံဖျက်ဆီးနေတာပါ။
တခါက “ပြည်ထောင်စုနှင့် ဦးစော”ဆိုတဲ့ နိုင်ငံတော်လုပ်ကြံမှု သမိုင်းဝင်ခဲ့တယ်။ ၁၉၄၇ ဇူလိုင် ၁၉ မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံခေါင်းဆောင်များကို ဂဠုန်ဦးစောနဲ့ အပေါင်းအပါများက လုပ်ကြံသတ်ဖြတ်ခဲ့မှုပါ။ ဒီအမှုကို “နိုင်ငံတော်လုပ်ကြံမှု (ပြည်ထောင်စုနှင့် ဦးစော)” လို့ ဒေါက်တာမောင်မောင်က မှတ်တမ်းတင်ထားတယ်။ ဒီလုပ်ကြံမှု ဖြစ်မြောက်အောင် တိုက်ရိုက်၊ သွယ်ဝိုက် ပါဝင်ပတ်သက်သူတွေ ရှိတယ်။ ဒီလုပ်ကြံမှုနောက်ဆက်တွဲ အသက်ပေးသွားရ သူတွေ ရှိတယ် ... အမြတ်ထွက်သူတွေ ... အမြတ်ထုတ်သူတွေ ... သမိုင်းနိဂုံး အဆုံးမလှသူတွေ ... ရှိလေရဲ့။
၂၀၀၃ မေ ၃၀ မှာလည်း “နိုင်ငံတော်လုပ်ကြံမှု” တခုကို စစ်မိစ္ဆာများက ကျူးလွန်ခဲ့ကြတယ်။ ဒီနေ့ဟာ မေ ၃၀။ “ဒီပဲယင်း အရေးအခင်း”လို့ လူသိများ အမှတ်ထားတဲ့နေ့ပေါ့။ ၂၀၀၃ မေ ၃၀ ဒီပဲယင်း ကျည်ရွာမှာ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်မိစ္ဆာ ငရဲသားများက သတ်ဖြတ်ဖို့ လုပ်ကြံကြိုးပမ်းခဲ့တဲ့ သမိုင်းဝင်နေ့ပေါ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး မသေမပျောက်၊ ဒဏ်ရာရရုံဖြစ်ပေမဲ့ ပြည်သူအများအပြား သေကျေပျက်စီးခဲ့ရတယ်။
ဒီနေ့ကို ကဗျာဆရာ “လှသန်း”က “ဒီပရင်္ဂ” ကဗျာနဲ့ မှတ်တမ်းတင်ထားတယ်။ ဒီကဗျာကို ၂၀၀၈ ခုနှစ် ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်းမှာ “ကြည်မောင်သန်း” ကလောင်နာမည်နဲ့ ဖော်ပြခဲ့တယ်။ “ဒီမြို့မှာ သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ် ... ဒီမြို့မှာ သစ္စာ ဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ် ... ဒီမြို့မှာ လူငယ်လေးတယောက် သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ် ... ဒီမြို့မှာ အမျိုးသမီး တယောက် သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ် ... ဒီမြို့မှာ အံကြိတ်ရ တက်ခေါက်ရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့တယ် ...“ စသဖြင့်။
ပြည်ထောင်စုသားအများရဲ့ မျှော်လင့်ချက်ကို အကောင်အထည်ဖော်ပေးမယ့်သူလို့ ပြည်သူများက ယုံကြည်မျှော်လင့်လို့မို့ ကိုးစားထောက်ခံသူကို လုပ်ကြံတာဟာ “နိုင်ငံတော်လုပ်ကြံမှု”။ နိုင်ငံသူနိုင်ငံသားများရဲ့ ခန္တာ၊ စိတ်၊ ဝိညာဉ်ကို နှိပ်စက် ညှဉ်းပန်း၊ သတ်ဖြတ်၊ ချေမှုန်း၊ ဖျက်ဆီးတာဟာ “နိုင်ငံတော်လုပ်ကြံမှု”။ ဒါနဲ့များ သူတို့ကိုယ်သူတို့ “နိုင်ငံတော်” ရယ်လို့ မနှိုင်းအပ်ရာ ရွှေစင်နဲ့ မစင် မတန်မရာ ရောယောင် အခေါ်ခံချင်သေးတယ်။ “နိုင်ငံတော်အကြီးအကဲ”ဆိုပြီး ယီးတီးယောင်တောင် ရေးလိုရေး။
တကယ်တော့ နိုင်ငံတော်ကို အစဉ်အဆက် တောက်လျှောက် လုပ်ကြံဖျက်ဆီးခဲ့သူများဟာ “နိုင်ငံတော်လုပ်ကြံမှု” ပေါင်းများစွာ ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲဖြစ်ပါတယ်။ ၁၉၄၇ … ၁၉၅၈ … ၁၉၆၂ … ၁၉၈၈ … ၂၀၀၃ … စတဲ့ လုပ်ကြံမှုများကို မြင်ယောင်ကြည့်ပါလေ။ ပြည်ထောင်စုမြေကို ထယ်ထိုးလိုက်ရင် ပြည်သူ့အသွေးများ အငွေ့တလူလူ၊ ပြည်သူ့ အရိုးများ တွန်ပေလိမ့်မယ်။ ပြည်သူ့အာဇာနည်များရဲ့ တက်ခေါက်သံများ မြည်ဟိန်းပေလိမ့်မယ်။
ဟော … အခု … ၂၀၂၁။ စစ်ဗိုလ်တမတ်သား ပါဝင်တဲ့၊ တနည်းအားဖြင့် ရွှေစင်ထဲ မစင်တပဲသားမက ပါနေတဲ့ နိုင်ငံ့ လွှတ်တော်များကို ပြည်သူများက အောင့်အည်းသည်းခံပြီး နိုင်ငံတော်တည်ဆောက်ရေး၊ ပြည်ထောင်စုကယ်တင်ရေး ရှေးရှုမြော်ကိုးပြီး လက်ခံခဲ့ကြရတယ်။ ခုတော့ မင်းသားကြီးမလုပ်ရတဲ့ ဘီလူးများက ပတ်မကြီးကို ထိုးဖောက်မှု ကျူးလွန်သွားကြပြီ။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ဟာ ကနေ့ “နိုင်ငံတော်လုပ်ကြံမှု”။
အညွန့်လူစ နိုင်ငံတော်နဲ့ ပြည်သူ့မျှော်လင့်ချက် အစို့အညှောက်များ ကျေမွပျက်သုဉ်းရပြီ။ နိုင်ငံတော်သားများကို ငရဲသားများက သတ်ဖြတ်ညှဉ်းပန်းကြပြန်ပြီ။ ပြည်သူ့ဆန္ဒ ခံယူမယ် ဆိုသူများက ပြည်သူ့ဆန္ဒ တကယ်မြင်ရတော့ ပြည်သူ့ဆန္ဒ ရလဒ်ဟာ မရိုးသားပါဘူးရယ်လို့ “မုသားရဲ့အဘ” “စာတန်မာနတ်” ဘက်တော်သားများက ကပြောင်းကပြန် စွပ်စွဲကြပြီ။ ပြည်သူများကို ရန်သူသဖွယ်၊ စစ်မြေပြင်သဖွယ်၊ ပုရွက်ဆိတ်ကို အမြောက်နဲ့ ထုချေသလို ရက်ရက်စက်စက် ပြုမူ စော်ကား ဖျက်ဆီးကြပြီ။
အမှုဟောင်း မြောက်မြားစွာကို သင်ပုန်းချေဖို့ နိုင်ငံတော်သား ပြည်သူများဘက်က ကျေအေးကမ်းလှမ်းလို့တောင် မဆုံးသေးခင် ၂၁ ရာစုရဲ့ နိုင်ငံတော်ကို လောဘ အတောမသတ်တဲ့ မောဟဘက်တော်သားများက ဒေါသတကြီး ရိုင်းစိုင်း ရက်စက်ကြပြီ။
ဒါကို “နိုင်ငံတော်လုပ်ကြံမှု (ပြည်ထောင်စုနိုင်ငံတော်နှင့် မင်းအောင်လှိုင်)” လို့ ခေတ်သစ်သမိုင်းဆရာက မှတ်တမ်းတင်ပေလိမ့်မယ်။ ပြည်သူ့တရားခွင်၊ နိုင်ငံတော်ခုံရုံး၊ နိုင်ငံတကာတရားရုံးများမှာ ဒီအမှုကို ကြားနာစစ်ဆေး စီရင်ဆုံးဖြတ်မဲ့နေ့ ရောက်ကိုရောက်ရမယ်။
"ဒီပရင်္ဂ"
ပုံပြင်ထဲက မြို့လည်း မဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇဝင်ထဲက မြို့တမြို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းက ရှိတဲ့မြို့တမြို့
သမိုင်းဝင် မြို့တမြို့။
ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။
အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။
သာသနိက အဆာက်အအုံတွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေထွန်းကား
တခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တမြို့။
အလောင်းဘုရား လက်ထက်မှာ
အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကို စားရ
ဘိုးတော်ဘုရား လက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန်။
ဘုံခန်းပျို့ဆရာ အရှင် အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာအရှင်ဝံသ
အတုလဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော် အရှင်ဇိန
အယူတော်မင်္ဂလာ ဦးနိုး
လယ်တီဆရာတော်
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။
ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ် ယုတ်မာတဲ့ မြို့ဝန် ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတယောက်
သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီး တယောက်
သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။
တနေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမယ့်
ရုတ်တရက် မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကော ပပျောက်သွားအောင် ရွာတဲ့ မိုးမို့
အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။
မုံရွာ-ရေဦး လမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည်မိတဲ့အခါ
အတိတ် တစ္ဆေက ငါ့ကို ခြောက်လှန့် နေလေရဲ့။
(လှသန်း ကဗျာပေါင်းချုပ်မှ)
နေထူး
(မေ ၃၀၊ ၂၀၂၁၊ ဒီပဲယင်း ၁၈ နှစ်ပြည့်)