close

နိုင်ငံရေးအကျဥ်းသား

close

December 18, 2022

စစ်ကောင်စီက ထားဝယ်ထောင်မှ နိုင်ငံရေးအကျဥ်းသား ၃ ဦးအား ထပ်တိုး ပြစ်ဒဏ်ချ

တနင်္သာရီတိုင်း ထားဝယ်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၃ ယောက်ကို ဒီဇင်ဘာ ၁၆ ရက်မှာ ထားဝယ်ခရိုင်တရားရုံးက ပေါက်ကွဲစေတတ်တဲ့ ဝတ္ထုပစ္စည်းများ အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီ ထပ်တိုး ပြစ်ဒဏ်ချခဲ့တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် DPPN က သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် ကိုမြတ်ကျော်သူ၊ ကိုမင်းဆက်မှူးနဲ့ ကိုအောင်အောင်တို့ကို ပေါက်ကွဲစေတတ်တဲ့ ဝတ္ထုပစ္စည်းများ အက်ဥပဒေထဲက ဘယ်ပုဒ်မနဲ့ အခုလို အမိန့်ချခဲ့တာလဲ ဆိုတာကိုတော့ မသိရပါဘူး။

အခုလို ထပ်တိုးပြစ်ဒဏ်ကြောင့် ကိုမြတ်ကျော်သူက ထောင်ဒဏ် ၃၆ နှစ်၊ ကိုမင်းဆက်မှူးက ၃၅ နှစ်နဲ့ ကိုအောင်အောင်ကတော့ ၁၉ နှစ် အသီးသီးကျခံကြရမှာဖြစ်ပြီး နောက်ထပ်ရင်ဆိုင်ရမယ့် အမှုတွဲတွေတော့ မရှိတော့ဘူးလို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် DPPN တာဝန်ရှိသူတဦးက ပြောပါတယ်။

ကိုမြတ်ကျော်သူနဲ့ ကိုမင်းဆက်မှူးတို့ဟာ အောက်တိုဘာ ၅ ရက်က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ည၊ ပုဒ်မ ၅၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၄ တို့နဲ့ ထပ်တိုးထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခံထားရသူတွေဖြစ်ပြီး ကိုမင်းဆက်မှူးကတော့ အနည်းဆုံး ပုဒ်မ ​၆ ခုနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။ 

ထားဝယ်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေထဲမှာ ထောင်ဒဏ်တသက်အထိ အမြင့်ဆုံးချ မှတ်ခံထားရသူ ၂ ယောက် ရှိပြီး တတိယအမြင့်ဆုံးကတော့ ထောင်ဒဏ် ၄၈ နှစ်အထိ ချမှတ်ခံထားရတဲ့ ကိုရာဇာထွန်း ဖြစ်ပါတယ်။

နိုဝင်ဘာလထဲမှာ ထောင်ဒဏ် ၁၁ နှစ် အပြီးသတ်ချမှတ်ခံခဲ့ရပြီး ထားဝယ်အကျဥ်းထောင်မှာ အကျဥ်းကျခံနေရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်ကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က)နဲ့ အမှု ၂ ခု ထပ်ဖွင့်ခဲ့ပါသေးတယ်။

3 mins Ago

December 3, 2022

ထားဝယ်ထောင်က နှစ်ရှည်နိုင်ငံရေးအကျဥ်းသား ၁ ဦး ထောင်ဒဏ် ၇ နှစ်ထပ်ချခံရ

တနင်္သာရီတိုင်း ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ် ၄၁ နှစ် ကျခံနေရတဲ့  နိုင်ငံရေးအကျဥ်းသား ကိုရာဇာထွန်းကို ဒီဇင်ဘာ ၁ ရက်မှာ ထားဝယ်ခရိုင်တရားရုံးကနေ ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်လိုက်တယ်လို့  ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် DPPN ကနေ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် ကိုရာဇာထွန်းဟာ လူသတ်မှုကျူးလွန်ရာမှာ ကူညီတယ်လို့ဆိုကာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၄၄ အရ အခုလို ထပ်မံထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ထားဝယ်မြို့အနှံ့ အသံဗုံးတွေ ဖောက်ခွဲတယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာရေးမတဦးနဲ့ တခြားအမျိုးသားတဦးကို သေနတ်နဲ့ ပစ်သတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမှုဖွင့်ခံခဲ့ရတဲ့ ကိုရာဇာထွန်းကို အောက်တိုဘာ ၅ ရက်ကလည်း တခြားနိုင်ငံရေးအကျဥ်းသား ၃ ဦးနဲ့အတူ ပုဒ်မ ၅၀ ည၊ ပုဒ်မ ၅၄၊ ပုဒ်မ ၃၀၂/၃၄ တို့နဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါသေးတယ်။

ထားဝယ်မြို့ ဥသရံရပ်ကွက်နေ ကိုရာဇာထွန်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်လောက်မှာ စစ်ကောင်စီက ဖမ်းဆီးခံခဲ့ကာ အနည်းဆုံး ပုဒ်မ ၈ ခုလောက်နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး အခုဆိုရင် စုစုပေါင်းထောင်ဒဏ် ၄၈ နှစ်အထိ ချမှတ်ခံထားရပါတယ်။

ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ်တသက်တကျွန်းအထိ အမြင့်ဆုံးချမှတ်ခံထားရတဲ့ အမျိုးသား နှစ်ယောက်ရှိပြီး ကိုရာဇာထွန်းကတော့ ထောင်ဒဏ်တတိယအများဆုံး ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ နောက်ဆုံးအပတ်လောက်ကလည်း ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတဲ့ အင်အယ်လ်ဒီအစိုးရလက်ထက် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီက ပုဒ်မ ၂ ခုနဲ့ ထပ်တိုး အမှုဖွင့်ခဲ့ပါသေးတယ်။

2 weeks Ago
Up