close

ထားဝယ်ထောင်က နှစ်ရှည်နိုင်ငံရေးအကျဥ်းသား ၁ ဦး ထောင်ဒဏ် ၇ နှစ်ထပ်ချခံရ

တနင်္သာရီတိုင်း ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ် ၄၁ နှစ် ကျခံနေရတဲ့  နိုင်ငံရေးအကျဥ်းသား ကိုရာဇာထွန်းကို ဒီဇင်ဘာ ၁ ရက်မှာ ထားဝယ်ခရိုင်တရားရုံးကနေ ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်လိုက်တယ်လို့  ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် DPPN ကနေ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် ကိုရာဇာထွန်းဟာ လူသတ်မှုကျူးလွန်ရာမှာ ကူညီတယ်လို့ဆိုကာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၄၄ အရ အခုလို ထပ်မံထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ထားဝယ်မြို့အနှံ့ အသံဗုံးတွေ ဖောက်ခွဲတယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာရေးမတဦးနဲ့ တခြားအမျိုးသားတဦးကို သေနတ်နဲ့ ပစ်သတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမှုဖွင့်ခံခဲ့ရတဲ့ ကိုရာဇာထွန်းကို အောက်တိုဘာ ၅ ရက်ကလည်း တခြားနိုင်ငံရေးအကျဥ်းသား ၃ ဦးနဲ့အတူ ပုဒ်မ ၅၀ ည၊ ပုဒ်မ ၅၄၊ ပုဒ်မ ၃၀၂/၃၄ တို့နဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါသေးတယ်။

ထားဝယ်မြို့ ဥသရံရပ်ကွက်နေ ကိုရာဇာထွန်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်လောက်မှာ စစ်ကောင်စီက ဖမ်းဆီးခံခဲ့ကာ အနည်းဆုံး ပုဒ်မ ၈ ခုလောက်နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး အခုဆိုရင် စုစုပေါင်းထောင်ဒဏ် ၄၈ နှစ်အထိ ချမှတ်ခံထားရပါတယ်။

ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ်တသက်တကျွန်းအထိ အမြင့်ဆုံးချမှတ်ခံထားရတဲ့ အမျိုးသား နှစ်ယောက်ရှိပြီး ကိုရာဇာထွန်းကတော့ ထောင်ဒဏ်တတိယအများဆုံး ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ နောက်ဆုံးအပတ်လောက်ကလည်း ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတဲ့ အင်အယ်လ်ဒီအစိုးရလက်ထက် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီက ပုဒ်မ ၂ ခုနဲ့ ထပ်တိုး အမှုဖွင့်ခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up