"ကရင်နီစစ်ရေးနှင့် နိုင်ငံရေးအရွေ့" စကားဝိုင်းကို လာမယ့် မတ် ၂၉ ရက်ညပိုင်းမှာ ကျင်းပသွားဖို့ရှိနေပြီး အားလုံးပါဝင် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒီစကားဝိုင်းကိုတော့ စည်းရိုးပရောဂျက်အဖွဲ့သားတွေက စီစဉ်ပြီး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)ရဲ့ဥက္ကဋ္ဌ ကရင်နီပြည်နယ် အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ခွန်းဘီထူး၊ KNDF ဒုစစ်ဦးစီးချုပ်မာဝီနဲ့ ကရင်အမျိုးသမီးအစည်းအရုံးက ဆရာမနော်ဆဲဆဲတို့က ပါဝင်ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
ကရင်နီပြည်ကတော့ နွေဦးတော်လှန်ရေးကာလ ၂ နှစ်ကျော်အတွင်း တိုက်ပွဲအရှိန်တွေ ပြင်းထန်နေတဲ့ ဒေသတခုဖြစ်ကာ ပြီးခဲ့တဲ့ မတ် ၁၆ ရက်တုန်းကတော့ ကရင်နီ (ကယား) ပြည်နယ်၊ သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီစစ်တပ် ခလရ ၁၃၅ ရှေ့တန်းစခန်းကို ကရင်နီ ကွန်မန်ဒိုတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ကရင်နီကွန်မန်ဒိုတပ်ဖွဲ့က အဆိုပါ စခန်းကို မတ် ၁၆ ရက်နေ့ ညနေ ၅ နာရီကနေ ၆ နာရီအထိ တနာရီကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အလောင်း ၃ လောင်း၊ လက်နက်ခဲယမ်းတွေနဲ့ ဆက်သွယ်ရေးစက်ကြီး တလုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒီးမော့ဆိုမြို့နယ်ထဲမှာ မတ် ၂၀ ရက်ကနေ ၂၃ ရက်အထိ ၄ ရက်တာအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်တွေဘက်က အရာရှိတွေအပါအဝင် အယောက် ၉၀ ကျော် သေဆုံးပြီး ၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
လတ်တလောမှာတော့ ကရင်နီဒေသက တပ်ရင်းတွေအတွက် ထုတ်လုပ်ရေးစရိတ်လိုအပ်ချက်တွေ ရှိနေသလို ထောက်ပံ့ကူညီနိုင်ရေးအတွက် စည်းရိုးပရောဂျက်ကိုလည်း လုပ်ဆောင်နေပါတယ်။
အခုပြုလုပ်မယ့် "ကရင်နီစစ်ရေးနှင့် နိုင်ငံရေးအရွေ့" စကားဝိုင်းမှာတော့ ဘာကြောင့် စည်းရိုးပရောဂျက်မှာ ပါဝင်သင့်တာလဲ၊ ကရင်နီနဲ့ စစ်ရေးရဲ့ နိုင်ငံရေးက ဘယ်ကို ရွေ့နေပြီလဲ၊ ကရင်နီရဲ့ စစ်ရေး၊ နိုင်ငံရေးအရွေ့က တနိုင်ငံလုံးအတွက် ဘယ်လောက်ထိ အရေးပါလဲစတဲ့ မေးခွန်းတွေကို အချက်အလက်နဲ့ အတွေ့အကြုံတွေကို ကိုးကားပြီး ဖြေကြားပေးသွားမယ်လို့ ဆိုပါတယ်။
စည်းရိုးပရောဂျက်မှာ ပါဝင်ထောက်ပံ့လိုတယ်ဆိုရင်တော့ ဖော်ပြပါ တရားဝင် ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာ - https://www.facebook.com/permalink.php?story_fbid=pfbid02CCA6Y1JkCHJtm99u2KZMPcDMHGP2xCowkLG8kvLLWjTM3nH1VuGJbK63YkYDWEZ2l&id=100090713422974 ကတဆင့် နိုင်ငံတကာက ကိုယ်စားလှယ်အသီးသီးနဲ့ ဆက်သွယ်ကူညီနိုင်မှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ စားနပ်ရိက္ခာနဲ့ စွမ်းအင်ဆိုင်ရာ ကိစ္စရပ်တွေကို နိုင်ငံရေးအသုံးချတာနဲ့ စစ်လက်နက်အဖြစ် အသုံးချတာတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမယ့် လမ်းကြောင်းကို ထိန်းသိမ်းဖို့ တဖက်သတ် ပိတ်ဆို့အရေးယူတာတွေ ရုပ်သိမ်းဖို့ တောင်းဆိုခဲ့တယ်လို့ တရုတ်သံတမန်တဦးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြောပါတယ်။
ယူကရိန်းရဲ့ လက်ရှိ ဆိုးရွားလွန်းတဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရာမှာ ကုလသမဂ္ဂဆိုင်ရာ တရုတ်လက်ထောက်သံတမန် ဂံရှောင်းက နိုင်ငံရေးအရ ပြေလည်မှုရရှိဖို့ ဆွေးနွေးပွဲတွေ ပြန်စဖို့ ယူကရိန်းအကျပ်အတည်းရဲ့ ယိုဖိတ်မှု သက်ရောက်မှုတွေကို နိုင်ငံတကာ အသိုက်အဝိုင်းက လျှော့ချ ရပ်တန့်သင့်တယ်လို့လည်း ပြောပါတယ်။
ဒီလို ကမ္ဘာလုံးဆိုင်ရာ ရှုပ်ထွေးတဲ့ အကျပ်အတည်းကို ရင်ဆိုင်ရာမှာ နိုင်ငံတကာ အသိုက်အဝန်းဟာ လူတွေကို ဦးစားပေးဖို့၊ လူသားမျိုးနွယ်အပေါ် ဦးစားပေးဖို့နဲ့ အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာတဲ့ ယိုဖိတ်မှုဆိုင်ရာ သက်ရောက်မှုတွေကို ဖြတ်တောက်ရေး ကြိုးပမ်းအားထုတ်ဖို့ လိုအပ်တယ်လို့ ဂံရှောင်းက မှတ်ချက်ပြု ပြောဆိုပါတယ်။
“လက်ရှိ ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ စားနပ်ရိက္ခာနဲ့ စွမ်းအင်အကျပ်အတည်းဟာ ထုတ်လုပ်မှုနဲ့ ဝယ်လိုအားပြဿနာ မဟုတ်ပေမဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပြတ်တောက်သွားတဲ့ အတွက် ထောက်ပံ့ရေးကွင်းဆက်မှာ ပြဿနာတခု ဖြစ်လာပါတယ်။ ကမ္ဘာ့စီးပွားရေး ပြန်ဦးမော့လာတဲ့ အရှိန်ကို ထိန်းသိမ်းဖို့နဲ့ ကုလသမဂ္ဂရဲ့ ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို အကောင်အထည်ဖော်ရာမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အကျိုးသက်ရောက်မှုတွေကို လျှော့ချဖို့ တဖက်သတ် ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းဖို့ တောင်းဆိုပါတယ်” လို့ ဂံရှောင်းက ပြောပါတယ်။
တရုတ်ဟာ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ နိုင်ငံအားလုံးနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကတဆင့် ပဋိပက္ခတွေ အဆုံးသတ်ဖို့နဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ထောက်ခံအားပေးတယ်၊ ယူကရိန်း အကျပ်အတည်းကို နိုင်ငံရေးအရ ဖြေရှင်းဖို့နဲ့ ဥရောပမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်ထူထောင်ရေးတို့ အထောက်အကူဖြစ်စေဖို့ ကြိုးပမ်းမှုအားလုံးကို ထောက်ခံမယ်လို့လည်း ဂံရှောင်းက ပြောပါတယ်။