စားနပ်ရိက္ခာနှင့် စွမ်းအင်ကိစ္စကို နိုင်ငံရေးတွင်အသုံးချမှု ဆန့်ကျင်ဟု တရုတ်သံတမန်ပြော

တရုတ်နိုင်ငံဟာ စားနပ်ရိက္ခာနဲ့ စွမ်းအင်ဆိုင်ရာ ကိစ္စရပ်တွေကို နိုင်ငံရေးအသုံးချတာနဲ့ စစ်လက်နက်အဖြစ် အသုံးချတာတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမယ့် လမ်းကြောင်းကို ထိန်းသိမ်းဖို့ တဖက်သတ် ပိတ်ဆို့အရေးယူတာတွေ ရုပ်သိမ်းဖို့ တောင်းဆိုခဲ့တယ်လို့ တရုတ်သံတမန်တဦးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြောပါတယ်။
ယူကရိန်းရဲ့ လက်ရှိ ဆိုးရွားလွန်းတဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရာမှာ ကုလသမဂ္ဂဆိုင်ရာ တရုတ်လက်ထောက်သံတမန် ဂံရှောင်းက နိုင်ငံရေးအရ ပြေလည်မှုရရှိဖို့ ဆွေးနွေးပွဲတွေ ပြန်စဖို့ ယူကရိန်းအကျပ်အတည်းရဲ့ ယိုဖိတ်မှု သက်ရောက်မှုတွေကို နိုင်ငံတကာ အသိုက်အဝိုင်းက လျှော့ချ ရပ်တန့်သင့်တယ်လို့လည်း ပြောပါတယ်။
ဒီလို ကမ္ဘာလုံးဆိုင်ရာ ရှုပ်ထွေးတဲ့ အကျပ်အတည်းကို ရင်ဆိုင်ရာမှာ နိုင်ငံတကာ အသိုက်အဝန်းဟာ လူတွေကို ဦးစားပေးဖို့၊ လူသားမျိုးနွယ်အပေါ် ဦးစားပေးဖို့နဲ့ အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာတဲ့ ယိုဖိတ်မှုဆိုင်ရာ သက်ရောက်မှုတွေကို ဖြတ်တောက်ရေး ကြိုးပမ်းအားထုတ်ဖို့ လိုအပ်တယ်လို့ ဂံရှောင်းက မှတ်ချက်ပြု ပြောဆိုပါတယ်။
“လက်ရှိ ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ စားနပ်ရိက္ခာနဲ့ စွမ်းအင်အကျပ်အတည်းဟာ ထုတ်လုပ်မှုနဲ့ ဝယ်လိုအားပြဿနာ မဟုတ်ပေမဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပြတ်တောက်သွားတဲ့ အတွက် ထောက်ပံ့ရေးကွင်းဆက်မှာ ပြဿနာတခု ဖြစ်လာပါတယ်။ ကမ္ဘာ့စီးပွားရေး ပြန်ဦးမော့လာတဲ့ အရှိန်ကို ထိန်းသိမ်းဖို့နဲ့ ကုလသမဂ္ဂရဲ့ ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို အကောင်အထည်ဖော်ရာမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အကျိုးသက်ရောက်မှုတွေကို လျှော့ချဖို့ တဖက်သတ် ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းဖို့ တောင်းဆိုပါတယ်” လို့ ဂံရှောင်းက ပြောပါတယ်။
တရုတ်ဟာ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ နိုင်ငံအားလုံးနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကတဆင့် ပဋိပက္ခတွေ အဆုံးသတ်ဖို့နဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ထောက်ခံအားပေးတယ်၊ ယူကရိန်း အကျပ်အတည်းကို နိုင်ငံရေးအရ ဖြေရှင်းဖို့နဲ့ ဥရောပမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်ထူထောင်ရေးတို့ အထောက်အကူဖြစ်စေဖို့ ကြိုးပမ်းမှုအားလုံးကို ထောက်ခံမယ်လို့လည်း ဂံရှောင်းက ပြောပါတယ်။