၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတွေထဲက ဆေးတက္ကသိုလ်နဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေကို တက်လိုသူတွေအနေနဲ့ ကျောင်းလခ ငွေကျပ် သိန်း ၆၀၀ ကနေ သိန်း ၇၀၀ အထိအကုန်အကျခံပြီး တက်နိုင်မယ့်အစီအစဉ်ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေကို ဝင်ခွင့်ရရှိသူတွေဟာ နိုင်ငံတော်အစီအစဉ်နဲ့ပညာသင်ကြားခွင့်(သို့မဟုတ်) မိမိအစီအစဉ်နဲ့ ပညာသင်ကြားခွင့်ကို ရွေးချယ်ပိုင်ခွင့်ရရှိကြမယ်လို့ ဆိုပါတယ်။
နိုင်ငံတော်အစီအစဉ်နဲ့ဆိုရင် ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေမှာ တက္ကသိုလ်သင်တန်းကြေးအဖြစ် တစ်လကို ငွေကျပ် ၈၀၀ သာ ပေးသွင်းရမှာဖြစ်ပြီး မိမိအစီအစဉ်နဲ့ဆိုရင် တက္ကသိုလ်သင်တန်းကြေးကို ပညာသင်နှစ်အလိုက် လစဉ် ပေးသွင်းရမှာ ဖြစ်ပါတယ်။
ဆေးတက္ကသိုလ်တွေ အတွက်ကတော့ ပညာသင်ကာလ ပြီးဆုံးတဲ့အထိ ငွေကျပ်သိန်း ၆၀၀ အကုန်အကျခံရမှာဖြစ်ပြီး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေကတော့ ပညာသင်ကာလ ပြီးဆုံးတဲ့အထိ ငွေကျပ်သိန်း ၇၀၀ အကုန်အကျခံရမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အစီအစဉ်နဲ့ ပညာသင်ကြားခွင့်ရရှိတဲ့သူတွေကတော့ ဘွဲ့ရရှိပြီးတဲ့နောက် နိုင်ငံ့ဝန်ထမ်း အဖြစ် အနည်းဆုံး ၅ နှစ် မဖြစ်မနေ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းတွေသာ တက်ခွင့်ရှိတဲ့ ဘွဲ့လွန်သင်တန်းတွေကို ဆက်လက်တက်ရောက်ခွင့်ရရှိမယ်ဆိုရင် နောက်ထပ် ၅ နှစ် နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
မိမိအစီအစဉ်နဲ့ ပညာသင်ကြားခွင့်ရရှိတဲ့သူတွေကတော့ လတ်တလောအနေနဲ့ နိုင်ငံ့ဝန်ထမ်းအဖြစ် ၅ မဖြစ်မနေ ဝင်ရောက်စရာမလိုပေမယ့် နိုင်ငံ့ဝန်ထမ်းတွေသာ တက်ရောက်ခွင့်ရှိတဲ့ ဘွဲ့လွန်သင်တန်းတွေ တက်ရောက်လိုလို့ဖြစ်စေ၊ နိုင်ငံ့တာဝန်ကို ဝင်ရောက်ထမ်းဆောင်ချင်လို့ဖြစ်စေ နိုင်ငံ့ဝန်ထမ်းအဖြစ် ဝင်ရောက်တာဝန် ထမ်းဆောင်လို ပါကလည်း တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်အတွက် ဆေးတက္ကသိုလ်ဝင်ခွင့်တွေကိုလည်း စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနက ခါတိုင်းနှစ်တွေထက် ရမှတ် ၅၀ လောက်လျှော့ချပြီးခေါ်ယူထားတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ဖြစ်တဲ့ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ အစိုးရဝန်ထမ်းတွေ လစာ ၂ ဆ ဆက်လက်ခံစားခွင့်ရရှိတယ်လို့ ဝန်ထမ်းတွေထံက သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မောင်တောခရိုင်မှ ဝန်ထမ်းတွေ လစာ ၂ ဆ ဆက်လက်ခံစားခွင့်မ မရှိတော့မှာကို စစ်ကောင်စီဩဇာခံ NONC- CDM ဝန်ထမ်းအများစုက စိုးရိမ်နေခဲ့ကြတာပါ။
အဲဒီလို လစာ ၂ ဆ ခွင့်ပြုချက်ကို ဧပြီ ၇ ရက်က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက သက်ဆိုင်ရာဌာနတွေကို ဧပြီ ၊ မေ၊ ဇွန် ၃ လအား အရင် နည်းတူ လစာ ၂ ဆ ပေးဖို့ ညွှန်ကြားခဲ့တာလည်း ဖြစ်ပါတယ်။
မောင်တောခရိုင်မှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတစ်ဦးက "စစ်ကောင်စီ အစိုးရက နောက်ထပ် ၃ လ ပြန်လည်သတ်မှတ်ပေးလိုက်တာပါ။"လို့ ပြောပါတယ်။
မောင်တောခရိုင်မှာ တာဝန်ကျတဲ့ အစိုးရဝန်ထမ်းတွေကို လစာ ၂ ဆ ခံစားခွင့်ပြုဖို့အတွက် သုံးလတစ်ကြိမ် ညွှန်ကြားချက်ထုတ်ပြန်ပြီး ခွင့်ပြုပေးနေတာရလည်းဖြစ်ပါတယ်။
မောင်တောခရိုင်အတွင်း ဝန်ထမ်းတွေ လစာ၂ ဆ ရရှိပေမဲ့ ကုန်စျေးနှုန်းမြင့်တက်လာတာကြောင့် ဝန်ထမ်းမိသားစုတွေ စားဝတ်နေရေး အခက်တွေ့နေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဝန်ထမ်းတဦးကတော့ "အရင်က ကြက်ဥ ၁၀၀၀ ဖိုး ၈ လုံးရတယ်။ အခု ၆ လုံးပဲ ရတောတယ်။ စားသောက်ကုန်တွေ အကုန်လုံးစျေးမြင့်တက်လာတော့ လစာ ၂ လစာရတယ်ဆိုပေမဲ့ ဘယ်လိုမှ မလုံလောက်တော့ဘူး။" လို့ ပြောပါတယ်။
မောင်တောခရိုင်မှဦ ၂ဝ၁၆/၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ၂၀၁၇ ခုနှစ်အောက်တိုဘာလမှစလို့ ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလအထိလည်းကောင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာလည်း ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလကစလို့ ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာအထိ မူရင်းလစာရဲ့ ၂ ဆကို အထူးကိစ္စတစ်ရပ်အနေနဲ့ ၃ လ ၁ ကြိမ် အမိန့်စာထုတ်ပြန်ကာ ဝန်ထမ်းတွေကို ခံစားခွင့်ပြုထားခဲ့တာလည်းဖြစ်ပါတယ်။