close

ကျပ်သိန်း ၆၀၀ အကုန်အကျခံပြီး ဆေးတက္ကသိုလ်တက်နိုင်၊ နိုင်ငံဝန်ထမ်းလုပ်စရာမလိုဟု စစ်ကောင်စီကြေညာ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတွေထဲက ဆေးတက္ကသိုလ်နဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေကို တက်လိုသူတွေအနေနဲ့ ကျောင်းလခ ငွေကျပ် သိန်း ၆၀၀ ကနေ သိန်း ၇၀၀ အထိအကုန်အကျခံပြီး တက်နိုင်မယ့်အစီအစဉ်ရှိတယ်လို့  စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေကို ဝင်ခွင့်ရရှိသူတွေဟာ နိုင်ငံတော်အစီအစဉ်နဲ့ပညာသင်ကြားခွင့်(သို့မဟုတ်) မိမိအစီအစဉ်နဲ့ ပညာသင်ကြားခွင့်ကို ရွေးချယ်ပိုင်ခွင့်ရရှိကြမယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အစီအစဉ်နဲ့ဆိုရင် ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေမှာ တက္ကသိုလ်သင်တန်းကြေးအဖြစ် တစ်လကို ငွေကျပ် ၈၀၀ သာ ပေးသွင်းရမှာဖြစ်ပြီး မိမိအစီအစဉ်နဲ့ဆိုရင် တက္ကသိုလ်သင်တန်းကြေးကို ပညာသင်နှစ်အလိုက် လစဉ် ပေးသွင်းရမှာ ဖြစ်ပါတယ်။

ဆေးတက္ကသိုလ်တွေ အတွက်ကတော့ ပညာသင်ကာလ ပြီးဆုံးတဲ့အထိ ငွေကျပ်သိန်း ၆၀၀ အကုန်အကျခံရမှာဖြစ်ပြီး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေကတော့ ပညာသင်ကာလ ပြီးဆုံးတဲ့အထိ ငွေကျပ်သိန်း ၇၀၀ အကုန်အကျခံရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်အစီအစဉ်နဲ့ ပညာသင်ကြားခွင့်ရရှိတဲ့သူတွေကတော့ ဘွဲ့ရရှိပြီးတဲ့နောက် နိုင်ငံ့ဝန်ထမ်း အဖြစ် အနည်းဆုံး ၅ နှစ် မဖြစ်မနေ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းတွေသာ တက်ခွင့်ရှိတဲ့ ဘွဲ့လွန်သင်တန်းတွေကို ဆက်လက်တက်ရောက်ခွင့်ရရှိမယ်ဆိုရင် နောက်ထပ် ၅ နှစ် နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

မိမိအစီအစဉ်နဲ့ ပညာသင်ကြားခွင့်ရရှိတဲ့သူတွေကတော့ လတ်တလောအနေနဲ့ နိုင်ငံ့ဝန်ထမ်းအဖြစ် ၅ မဖြစ်မနေ ဝင်ရောက်စရာမလိုပေမယ့် နိုင်ငံ့ဝန်ထမ်းတွေသာ တက်ရောက်ခွင့်ရှိတဲ့ ဘွဲ့လွန်သင်တန်းတွေ တက်ရောက်လိုလို့ဖြစ်စေ၊ နိုင်ငံ့တာဝန်ကို ဝင်ရောက်ထမ်းဆောင်ချင်လို့ဖြစ်စေ နိုင်ငံ့ဝန်ထမ်းအဖြစ် ဝင်ရောက်တာဝန် ထမ်းဆောင်လို ပါကလည်း တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်အတွက် ဆေးတက္ကသိုလ်ဝင်ခွင့်တွေကိုလည်း စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနက ခါတိုင်းနှစ်တွေထက် ရမှတ် ၅၀ လောက်လျှော့ချပြီးခေါ်ယူထားတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up